ကန်ကြီးထောင့် ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဝက်ထိုးက ကြီးမှူး၍ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (ဝက်ထိုး) ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးနိုင်လင်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးကိုယ်စား တာဝန်ရှိသူတစ်ဦးက အခမ်းအနားကျင်းပရခြင်းရည်ရွယ်ချက်နှင့် လက်ရှိဆောင်ရွက်လျက်ရှိသော ပညာရေးကဏ္ဏများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အ.ထ.က (ခွဲ) ဝက်ထိုးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဂုဏ်ထူးရကျောင်း သား၊ ကျောင်းသူလေးများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပြသပေးသောဆရာ ဆရာမများ၊ မြို့နယ်အဆင့် ထူးချွန်ဆုရကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများကအသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အ.ထ.က(ခွဲ) ဝက်ထိုးမှ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ အခြေခံပညာအထက်တန်းကျောင်းခွဲ (ဝက်ထိုး) မှ ကျောင်းသားကျောင်းသူလေးများက အက၊ အလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အခမ်းအနားသို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ အခြေခံပညာအထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။