ဘုတ်ပြင်းမြို့နယ်တွင် မိုးသက်လေပြင်းကျ၍ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် ပျက်စီးသည့် နေအိမ်များအား ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်

ဘုတ်ပြင်း   စက်တင်ဘာ  ၂၅

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် စက်တင်ဘာလ ၁၈ ရက်မှ ၂၀ ရက်နေ့ထိ မိုးသက်လေပြင်းကျ၍ ထူးကဲဒီရေမြင့်တက်ပြီး ရေလှိုင်းရိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျ၊ ပျက်စီးခဲ့သည့် ရေလေးသင့်ပင်လယ်ကျေးရွာများမှ မိသားစုဝင်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာနမှ ထောက်ပံ့ပစ္စည်းများကို ယမန်နေ့က ကော့သောင်းခရိုင် ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ လာရောက်ထောက်ပံ့ပေး အပ်လျက်ရှိသည်။
ရေဘေးသင့်ခဲ့သည့် ချောင်းကဖီးကျေးရွာ၊ ကြိမ်နီတောင်ကျေးရွာ၊ ကလန်းချောင်းကျေးရွာ၊ ချောင်းကရှက်ကျေးရွာ၊ ရေငံကြီးကျေးရွာ၊ အညင်းဆုံကျေးရွာ၊ စတိန်ကျေးရွာ ၊ အလယ်မန်ကျေးရွာ ၊ အုန်းတောကမ်းကျေးရွာတို့တွင် လုံးဝပျက်စီးခဲ့သည့်နေအိမ် (၁၄၉)လုံးနှင့် တစိတ်တပိုင်း ပျက်စီးသည့်နေအိမ် (၂၄)လုံး ၊ ရွှေဘုံသာရပ်ကွက်တွင် လေဘေး သင့်တစိတ်တပိုင်းပျက်စီးသည့် နေအိမ်(၁)လုံးတို့အား ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိ ရသည်။
ထောက်ပံ့ပေးအပ်ရာတွင် လုံးဝပျက်စီးသည့်နေအိမ်များကို  နေအိမ်ပြင်ဆင် စရိတ်နှင့်ကယ်ဆယ်ရေး ပစ္စည်း ၁၇ မျိုးကို လည်းကောင်း၊ တစိတ်တပိုင်း ပျက်စီးသွားသည့် နေအိမ်များကို နေအိမ်၏ တန်ဖိုးအလိုက် ပြင်ဆင်စရိတ် များကို လည်းကောင်း၊   အဆိုပါနေအိမ်များမှ အိမ်ထောင်စု( ၁၇၈ ) စု လူဦးရေ( ၈၃၇ )ဦးအတွက်  ဆန်ရိက္ခာဖိုး(၇) ရက်စာ ထောက်ပံ့ငွေ (၁၇၆၄၀၀၀) ကျပ်ကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း ကော့သောင်း ခရိုင်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)