မကွေး ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များကို သိရှိလိုက်နာဆောင်ရွက်စေရန် ထပ်ဆင့် မှာကြားလိုပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းတွင် အဓိကထား ဆောင်ရွက်ကြရန် မှာကြားခြင်းမှာ မြို့ရွာသန့်ရှင်းရေး၊ သာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေး လုပ်ငန်များဖြစ်ပြီး အများပြည်သူ သွားလာနေထိုင်ရာများတွင် သန့်ရှင်းရေး အလွန်နိမ့်ကျနေသောကြောင့် အထူးသဖြင့် ဈေး၊ ရုပ်ရှင်ရုံ၊ စာသင်ကျောင်းများတွင် အလေးထားပြီး ဆောင်ရွက်စေလိုကြောင်း၊ နောက်ထပ်မှာပြောကြားလိုသည်မှာ ကျေးရွာချင်းဆက်လမ်းများတွင် လမ်းဘေးဝဲ/ယာ သန့်ရှင်းသာယာလှပရေးမှာလည်း အရေးကြီးပြီး အပင်များစိုက်ကြရန် လိုအပ်ကြောင်း၊ သစ်တောဧရိယာများတွင် အပင်များကျဲနေသောကြောင့် သက်ဆိုင်ရာဌာနများက စီမံချက်ချမှတ် ဆောင်ရွက်သွားကြရန် လိုကြောင်း၊ နောက်တစ်ခုမှာ ရေသုံးစွဲမှုဖြစ်ပြီး ရေကိုချွေတာသုံးစွဲကြဖို့ လိုအပ်ကြောင်း ရေကို ချွေတာသောနေရာတွင် သုံးရေကစ၍ ရေခွက်နှင့်မချိုးဘဲ ရေပန်းနဲ့ချိုးဖို့အထိကို မှာကြားကာ မိုးရေများကိုလည်း စနစ်တကျ သိုလှောင်သုံးစွဲကြရန် လိုအပ်ပါကြောင်း၊ အားကစားကဏ္ဍ အနေဖြင့် အားကစားရုံတွေ အဆင့်မီရန် လိုအပ်ပြီး အားကစားကဏ္ဍမြင့်မားရန် ရွက်ပုံးသီး အားကစားသမားများ ပေါ်ထွန်းလာစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် ကျွန်တော်တို့မကွေးတိုင်းဒေသကြီးတွင် လက်ရှိဆန်ဖူလုံမှု(၇၀)ရာခိုင်နှုန်းသာရှိသောကြောင့် (၁၀၀) ရာခိုင်နှုန်း ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဒီလို ကြိုးစားသော နေရာတွင် စိုက်ဧရိယာများ မှန်ကန်အောင် ဆောင်ရွက်ပြီး သီးထပ်၊ သီးညှပ် တစ်နှစ်ကို နှစ်သီးကနေ (၃)သီးစသော နည်းလမ်းပေါင်းစုံသုံးပြီး ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ အသား၊ နို့၊ ဥနှင့် တိရစ္ဆာန်ထွက်ပစ္စည်းများ တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် မွေးမြူရေးဇုန်တစ်ခု အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ မွေးမြူရေးဇုန်အား ပွင့်ဖြူမြို့နယ်၊ ပြည်လုံးကျော် ကျေးရွာအုပ်စုရှိ စက်မှုဝန်ကြီးဌာနမှ ပြန်လည်အပ်နှံခဲ့ပြီး နိုင်ငံတော်ပိုင်မြေ (State Land)အဖြစ် သတ်မှတ်ထားရှိသည့် (၂၈၃.၀၀)ဧကအနက်(၂၄၂.၃)ဧကတွင် အကောင်အထည်ဖော်ဆောင်ရွက် သွားမှာဖြစ်သည့်အတွက်ကြောင့် လုပ်ငန်းဆောင်ရွက်လိုသော မွေးမြူရေးလုပ်ငန်းရှင်များ ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိရာ လက်ရှိအချိန်အထိ လျှောက်ထားသူ (အမှန်လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြောင်း၊ စိစစ်ထားရှိသူ မွေးမြူရေးလုပ်ငန်းရှင်(၅)ဦးရှိပြီး ထပ်မံလျှောက်ထားလိုသည့် လုပ်ငန်းရှင်များအားလည်း ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြေအသုံးပြုခွင့်ရရှိရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ ခွင့်ပြုချက်ရရှိပါက လုပ်ငန်းအမြန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး(ရေ၊ မီး၊ လမ်းရရှိရေး)ကိစ္စရပ်များအား သက်ဆိုင်ရာဌာနများမှ ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန်လိုအပ်ပါကြောင်း၊ နောက်ထပ် ပြောကြားလိုသည်မှာ တမာပင် စီမံချက်နှင့်ပတ်သက်၍ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနများ အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များဖြစ်သော တမာစိုက်ပျိုးခြင်း၊ ဝါးစိုက်ပျိုးခြင်း၊ ကျေးရွာထင်း စိုက်ခင်းများ စိုက်ပျိုးခြင်းလုပ်ငန်းများကို အောင်မြင်အောင် အလေးထားဆောင်ရွက်သွားရန် အထူးမှာကြားလိုပါကြောင်း၊ နောက်တစ်ခုမှာ မော်တော်ယာဉ် နံပါတ်ပြားများ လဲလှယ်ခြင်းကို တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အလိုက်စီမံချက်နှင့် ဆောင်ရွက်နေခြင်းများရှိပြီး ၎င်းတို့အား အမြန်ဆုံးပြီးစီး အောင ဆောင်ရွက်ကြရွက်ကြရန် မှာကြားလိုကြောင်း၊ ထို့ပြင် တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းအနေဖြင့်လည်း ဓာတ်အားခကြွေးကျန်များ ရရှိနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ် လျှပ်စစ်အင်ဂျင်နီယာများ၊ ဘဏ္ဍာရေးတာဝန်ခံများမှ ပြည်သူများသို့ မီတာခကြွေးကျန်များ ပေးဆောင်စေရေး စည်းရုံး ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ထို့အပြင် လျှပ်စစ်မီတာများကို ပုံမှန်ဖတ်ရှု့စေခြင်း၊ မီတာခွန်စာရွက်များဖြန့်ဝေခြင်း လုပ်ငန်းများကို အချိန်မှီ သတ်မှတ်ထားသည့် ရက်များအတွင်း ဆောင်ရွက်နိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် ပြည်သူများမှ မီတာခွန်များ လာရောက် ပေးဆောင်သောအခါ အဆင်ပြေချောမွေ့စွာဖြင့် လွယ်ကူလျင်မြန်စွာ ပေးသွင်းလက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အချိန်နှင့်တစ်ပြေးညီ တင်ပြဖို့ ပြောကြားလိုကြောင်း၊ ကျန်းမာရေးအနေဖြင့် ပြောကြားလိုသည်မှာ မကွေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့အထိ အကြိမ်ပြည့်ထိုးနှံပြီးသူ ကျောင်းသား/ သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေးကို (၁၀.၁.၂၀၂၃) ရက်နေ့မှ စတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်း(၁၀.၁.၂၀၂၃)ရက်နေ့မှ (၁၁.၁.၂၀၂၃)ရက်နေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ဦးရေ စုစုပေါင်း (၂၅၇၆၉)ဦး ရှိပြီဖြစ်ပါကြောင်း၊ ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းသွားပြီ ဖြစ်သော်လည်း ပေါ့ပေါ့ဆဆမနေကြရန် မှာကြားလိုပါကြောင်း၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ရွှေစက်တော်ဘုရားပွဲအား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်သည့်အတွက် သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် ဌာနဆိုင်များအနေဖြင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်သွားကြရန် အလေးထားမှာကြားလိုပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဟာ တိုက်ရိုက် အချိုးကျသည်ဖြစ်သောကြောင့် မိမိဒေသအေးချမ်းသာယာရန် အရေးကြီးပါကြောင်း၊ မန်းရွှေစက်တော်ဘုရားပွဲသည် မြန်မာနိုင်ငံရှိ ဒေသ အသီးသီးမှ လာရောက်ဖူးမြှော်ကြခြင်း၊ အပန်းဖြေကြခြင်းဆောင်ရွက်ကြခြင်းဖြစ်သည့်အတွက် လုံခြုံရေးအသိ၊ သတိရှိကြရန် တာဝန်ရှိသော မြန်မာနိုင်ငံရဲတပ်ဖွဲအနေဖြင့်လည်း မိမိတို့တတ်နိုင်သမျှ ဘုရားဖူးလာ ပြည်သူများ အန္တရာယ်ကင်းကင်းဖြင့် သွားလာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားဖို့ မှာကြားလိုကြောင်း၊ မန်းရွှေစက်တော်ဘုရားပွဲကို အမှီပြုပြီး ဒေသခံများအနေဖြင့် ဒေသထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း စသည်ဖြင့် ဆောင်ရွက်နိုင်မှာဖြစ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူပြုမှာ ဖြစ်သည့်အတွက် သက်ဆိုင်ရာ ခရိုင်/မြို့နယ်တို့မှလည်း ဝိုင်းဝန်းကူညီ ဆောင်ရွက်သွားဖို့ ပြောကြားလိုပါကြောင်း တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု တိုက်ရိုက်အချိုးကျခြင်းအား ထင်ရှားစွာ တွေ့မြင် နိုင်သော သာဓကအနေဖြင့် ချပြရလျှင် တည်ငြိမ်အေးချမ်းမှုမရှိသော ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်တို့မှာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ တည်ငြိမ် အေးချမ်းမှုရှိသော မကွေးမြို့မှာ မကွေးကန်သာမင်္ဂလာကန်တော်အား အဆင့်မြှင့်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ယခုဆိုလျှင် ပြည်သူများ အေးချမ်းစွာဖြင့် အပန်းဖြေ လည်ပတ်လျက်ရှိတာကို တွေ့မြင်နိုင်မှာ ဖြစ်ပါကြောင်း၊ လာမည့်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင် ပြည်သူများဥပဒေနှင့်အညီ မဲပေးနိုင်ရေးနှင့် ပတ်သက်ပြီး မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ရန်အတွက် စာရင်းကောက်ယူမည့် မြို့နယ်(၂၀)မှ Server အတွင်း ထည့်သွင်းထားရှိသည့် အိမ်ထောင်စုပေါင်း (၈၉၄၈၄၆)စုအား မြေပြင်ကွင်းဆင်း တိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် တိုင်းအဆင့်/ ခရိုင်အဆင့်/ မြို့နယ်အဆင့်/ ရပ်ကျေး အဆင့်အထိ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူ ရေးကြီးကြပ်မှု ကော်မတီများအား ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီး (၉-၁-၂၀၂၃)ရက်မှ စတင်၍ မြေပြင် တစ်အိမ်တက်ဆင်း ကွင်းဆင်း ကောက်ယူရေးလုပ်ငန်းများ စတင်ကောက်ခံနေပြီဖြစ်ရာ သတ်မှတ် ထားသောနေ့ရက်များအတွင်း စနစ်တကျကောက်ယူ ပြီးစီးနိုင်ရေးအတွက် ဌာနဆိုင်ရာများ အနေဖြင့် ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါကြောင်း၊ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မဲပေးခြင်း၊ မပေးခြင်းက လူတစ်ဦး ချင်းစီ၏ ဆန္ဒဖြစ်ပြီး လူထုလူတန်းစား အဖွဲ့အစည်းအားလုံး ဆန္ဒမဲပေးနိုင်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ အချုပ်အားဖြင့် ပြောကြားလိုသည်မှာ ကျွန်တော်တို့ အစိုးရအဖွဲ့နှင့်အတူ ဌာနဆိုင်ရာများ ကျရာကဏ္ဍကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေကြသောကြောင့် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍လည်း အရှိန်အဟုန်မပျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အစည်း အဝေး(၁၁/၂၀၂၂) ဆုံးဖြတ်ချက်များအား ဆွေးနွေးတင်ပြခဲ့ပြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးဝင်းမြင့်နှင့် အတွင်းရေးမှူး ဦးသန်းဆွေဝင်းတို့က ကဏ္ဍအလိုက် အသီးသီး ဆွေးနွေးတင်ပြကြပြီး၊ ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကာ၊ လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ