ဖားဆောင်း ဇန်နဝါရီ ၁၈
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ တောင်ပေါ်ကျေးရွာ(အမက)ကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ကကျေးရွာခန်းမဆောင်၌ ကျင်းပခဲ့သည်။
အခမ်းအနားကို (အမက)တောင်ပေါ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး ကျောင်းအုပ်ဆရာမ ဒေါ်ဥမ္မာမြင့်မှ မိဘ/ ဆရာကျောင်းသားများ စုပေါင်းညီညွတ်စွာကြိုးစားဆောင်ရွက်လိုစိတ်များကို မြှင့်တင်ပေးခြင်းဖြင့် ပညာရေးဖြင့်ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန်ရည်ရွယ်၍ ယခုလိုစုံညီပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂နှစ် ပညာသင်နှစ်တွင် (A)အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့်ကျောင်းသား၊ ကျောင်းသူများ၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူးဦးသက်မြင့်ဦးနှင့် တာဝန်ရှိသူများက ဆုများကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိန်ထွေးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ပြီး (အမက)တောင်ပေါ်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ အကအဖွဲ့များက အကအလှယိမ်းပဒေသာများဖြင့် ဧည့်ခံဖျော်ခဲ့ကြကြောင်းနှင့် မြတ်ဆရာသီချင်းဖြင့်အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင် (ပြန်/ ဆက်)