အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် ဆောင်းသီးနှံ နေကြာစိုက်ခင်းများ

ခါမ်းပါတ် ဇန်နဝါရီ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊ ခါမ်းပါတ်မြို့အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားသော ဆောင်းသီးနှံနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

တောင်သူများအနေဖြင့် မိုးစပါးများရိတ်သိမ်းပြီးချိန်တွင် ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်ရရှိနိုင်မည့် သီးနှံများကိုသီးထပ်အဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြရာ နေကြာကိုအဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးကြရာတွင် ထွန်ယက်စိုက်ပျိုးသူများရှိသလို ရိုးငုတ်များကိုမီးရှို့၍ ကြဲပက်စိုက်ပျိုးသူများလည်း ရှိကြကြောင်းသိရသည်။ ထိုသို့ ထယ်ရေးမဝင်ပဲ ရိုးငုတ်များအကြား ကြဲပက်စိုက်ပျိုးခြင်းဖြင့် ထွန်ယက်ခသက်သာပြီး အပင်ဖြစ်ထွန်းမှုလည်း အောင်မြင်ကြောင်းသိရသည်။ လက်ရှိတွင်မူ နေကြာဆီထွက်သီးနှံသည် တောင်သူအများစု စိုက်ပျိုးနေကြပြီး စိုက်ပျိုးစရိတ်သက်သာကာ အကျိုးအမြတ်များသည့် သီးနှံဖြစ်ကြောင်းလည်း သိရသည်။

ဒေသခံတောင်သူများအနေဖြင့် နေကြာကဲ့သို့ပင် ဆီထွက်သီးနှံမုန်ညှင်းကိုလည်း ရိုးပြတ်များတွင် ကြဲပက်စိုက်ပျိုးကာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းလည်း သိရသည်။

ယခုကဲ့သို့ ဈေးကွက်ရှိပြီး အကျိုးအမြတ်ပိုမိုရရှိနိုင်သည့် သီးနှံများကိုရွေးချယ်စိုက်ပျိုးခြင်းဖြင့် ဒေသခံတောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်သည်။

သားငယ် (ခါမ်းပါတ်)