ပုသိမ် ဇန်နဝါရီ ၁၈
စားရေရိက္ခာဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားဒေသခံကိုယ်စားလှယ်များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်ကုန်သည်များအသင်း၊ မွေးမြူရေးလုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းကုမ္ပဏီများ တက်ရောက်ခဲ့ကြသည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ နိုင်ငံတော်၏အမျိုးသားရေးရည်မှန်းချက်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို အင်တိုက်အားတိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိုးစပါး၊ နွေစပါး စိုက်ဧကပြည့်မီရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ရိုးပြက်ကျန်ဧကများတွင် နွေစပါးအပါအဝင် အခြားသီးနှံများစိုက်ပျိုးလျက်ရှိပါကြောင်း၊ မြေဆီ၊ မြေသြဇာများပြန်လည်ကောင်းမွန်လာစေရေးအတွက် ၂၀၂၃ ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၁) သိန်းအား သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) များ ထည့်သွင်းစိုက်ပျိုးမည်ဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်တွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧက (၂၇) သိန်းအား အပြည့်အဝထည့်သွင်းစိုက်ပျိုးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝမြေသြဇာ၊ ဇီဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှု လျော့ချနိုင်ရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံစေရေးအတွက်လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာသီးနှံများအား တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေလုံလောက်စွာရရှိစေရေးအတွက် ချောင်းပိတ်၊ မြောင်းပိတ်လုပ်ငန်းများ၊ မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို စိုက်ပျိုးချိန်အမီ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မြစ်ရေတင်လုပ်ငန်းများ၊ ဆည်ရေသောက်လုပ်ငန်းများဖြင့် စိုက်ပျိုးရေပေးဝေနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သား/ငါး ကဏ္ဍတွင် အင်းလုပ်ငန်း၊ ကမ်းနီးကမ်းဝေးငါးဖမ်းလုပ်ငန်းများ၊ မွေးမြူရေးကန်များဖြင့် ငါး၊ ပုဇွန်၊ ဂဏန်းစနစ်တကျမွေးမြူခြင်း၊ အသားတိုးကြက်၊ဝက်၊ နွား၊ ဆိတ်မွေးမြူခြင်း၊ ဥစား (ကြက်/ဘဲ) မွေးမြူခြင်းစသည့် လုပ်ငန်းများဖြင့် စားရေရိက္ခာဖူလုံရေးနှင့် ပြည်ပသို့တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများမှ စားရေရိက္ခာဖူလုံရေး အပြန်အလှန်ဆွေးနွေးပေးကြရန်နှင့် ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေး ဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။
ထို့နောက် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိန်မောင်မြင့်မှလည်းကောင်း၊ စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း၊ မွေးမြူရေးနှင့် သားငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တိုင်းဒေသကြီးဦးစီးမှူးများမှလည်းကောင်း၊ ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှလည်းကောင်း အသီးသီး ဆွေးနွေးတင်ပြခဲ့ကြပြီး Global Earth ကုမ္ပဏီ၊ Htoo Htet Han ကုမ္ပဏီ၊ Delta Queen ကုမ္ပဏီတို့မှ မွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ရာ ပုသိမ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ်မှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးသည် ရေမြေသယံဇာတများ၊ လူစွမ်းအားအရင်းအမြစ်များပေါကြွယ်ဝပြီးဖြစ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်မြင်စေရေးအတွက် သုတေသနပြုလုပ်ငန်းများ၊ ခေတ်မီနည်းစနစ်များ အသုံးပြုဆောင်ရွက်စေရေး ဆွေးနွေးပွဲရလဒ်များ အားအောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်စေရေးနှင့် လူဦးရေပွားများလာသည်နှင့်အမျှ စားရေရိက္ခာပိုမိုဖူလုံစေရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး အားလုံးဝိုင်းဝန်းကြိုးစားပေးကြရန် ပြောကြားခဲ့သည်။ ထို့နောက် စားရေရိက္ခာဖူလုံရေး အလုပ်ရုံဆွေးနွေးပွဲစကားဝိုင်းအား ဆက်လက်ကျင်းပပြုလုပ်ခဲ့ပြီး Stake Holder များ၏ ဆွေးနွေးချက်များအပေါ် အစုအဖွဲ့လိုက် ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကာ ဆွေးနွေးပွဲရလဒ်အဖြစ် အတည်ပြုခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)