သံတောင်ကြီးမြို့နယ် လက်ဖက်အင်းကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်း ဆောင်ရွက်

သံတောင်ကြီး  ဇန်နဝါရီ ၁၈

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ပြီး မြစိမ်းရောင် စီမံကိန်းဖြင့်ကျေးရွာများ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင် ရန်ပုံ‌ငွေပြန်လည် ထုတ်ချေးခြင်းကို လက်ဖက်အင်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးချမ်း ငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊  စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်း ထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့် အတိုးများ ပြန်လည် ပေးဆပ်ကြရန် ပြောကြားခဲ့ပြီး မြစိမ်းရောင် ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  မြစိမ်းရောင် ရန်ပုံငွေဖြင့် လက်ဖက်အင်းကျေးရွာတွင်  စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူးရေးလုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ အသင်းသူ/အသင်းသားများအား စုစုပေါင်း ငွေကျပ်(၃၁၈)သိန်း အားပြန်လည်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ