လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်  ကာယ၊ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

လိပ်သို  ဇန်နဝါရီ  ၁၈ 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကလေးငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါ ရရှိ၍ ဉာဏ်ရည် ဉာဏ်သွေး မြင့်မားလာစေရန်၊ စာပေကိုချစ်မြတ်နိုးစေရန်၊ လူအများနှင့် ပြောဆိုရာတွင် ပြောရဲသည့် အလေ့အကျင့်များ ရှိစေရန်၊ စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လိပ်သိုမြို့ အမှတ်(၃) ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း အဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင်  မောင်ကျော်ဇင်မင်းခန့်က “ ယုန်ကလေး ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်စေးရီက “ ခေါင်းလောင်းကလေး  ” ခေါင်းစဉ်ဖြင့် လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ခုံလုပြိုင်ပွဲနှင့် ဘိုးလိမ်းပစ်ပြိုင်ပွဲများ ဆက်လက်ဆောင်ရွက်ပေးရာ လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/လူငယ်များအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)