လှိုင်းဘွဲမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

လှိုင်းဘွဲ      စက်တင်ဘာ ၂၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ CERP အစီအစဉ်ဖြင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အဆိုပါ စီမံကိန်းလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်း စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။


ထိုသို့စစ်ဆေးရာတွင်  လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်အေးမြနန္ဒာ ထွန်း၊ စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက လှိုင်းဘွဲမြို့နယ်အတွင်းရှိ စီမံကိန်း ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သူ(၁၆၁)ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ (၁၂၇)ဦး၊ အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက် သူ(၈၀)ဦး၊ ကုန်ထုတ်လုပ်ငန်းဆောင်ရွက်သူ(၃)ဦးနှင့် အသက်မွေး ဝမ်းကျောင်း ဆောင်ရွက်သူ(၁၄)ဦး စုစုပေါင်း အသင်းသား/သူ(၃၈၅)ဦး၏ စီမံကိန်းလည်ပတ် ရန်ပုံငွေ ကျပ်သန်း(၂၄၀၀)ထုတ်ချေး၍ လုပ်ငန်းများ ဆောင်ရွက် ထားရှိမှု အခြေအနေနှင့် စာရင်းဇယားမှတ်တမ်းများ ရေးသွင်းထားရှိမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသနေ မိသားစု ဝင်ငွေလျော့နည်းလာမှုနှင့်စားဝတ်နေရေး အခက်အခဲများကို ကုစားပေး နိုင်ရန် အတွက် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းကို လှိုင်းဘွဲမြို့နယ်အတွင်း ကျေးရွာ(၉)ရွာ တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


ခင်စန်းမြင့်(ပြန်/ဆက်)