မြန်မာ-တရုတ် အကျိုးတူလူမှုကူညီရေးအသင်း(မုံးကိုး)မှ အခြေခံလူတန်းစားအိမ်ထောင်စု(၁၉)စုအတွက် စားသောက်ကုန်များ ထောက်ပံ့

မုံးကိုး   စက်တင်ဘာ ၂၅

မူဆယ်ခရိုင်၊ မုံးကိုးမြို့၌ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စု(၁၉)စုအတွက် မြန်မာ-တရုတ်အကျိုးတူ လူမှုကူညီရေးအသင်း(မုံးကိုး)က ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲစည်းနှင့် အခြားစားသောက်ကုန် များကို ယနေ့နံနက်(၉)နာရီအချိန်ခန့်က အိမ်တိုင်ရာအရောက်ထောက်ပံ့ပေးအပ်သည်။

“ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေအနေနဲ့ ကိုဗစ်-၁၉ရောဂါဖြစ်ပွားတဲ့ကာလမှာ စားဝတ်နေရေးအခက်အခဲတွေ ကို တစ်ဖက်တစ်လမ်းအဆင်ပြေချောမွေ့စေရန်နဲ့ မီးဖိုချောင်ကုန်ကျစရိတ်တွေ သက်သာစေဖို့အတွက် အခုလို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ပါတယ်”လို့ မြန်မာ-တရုတ်အကျိုးတူလူမှုကူညီရေးအသင်း(မုံးကိုး)မှ ကိုသိန်းအောင် က ထောက်ပံ့ရခြင်း အကြောင်းကို ပြောကြားသည်။

မုံးကိုးမြို့တွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစာအိမ်ထောင်စုတစ်စုလျှင် ကာလတန်ဖိုး(၉)သောင်းကျော် ရှိသည့် ဆန်(၂)အိတ်၊ ဆီ(၂)ဘူး၊ ဆား(၅)ထုပ်၊ ခေါက်ဆွဲ(၅)စည်း၊ ကြက်ဉ(၂)ကတ်၊ မုန့်(၂)ထုပ်၊ ငါးဘူး(၄)ဘူးနှင့် အင်္ကျီ(၁)ထုပ်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

သန်းဇော်ဦး(ပြန်/ဆက်)