အုတ်ဖို ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့အစည်းဝေးခန်းမတွင် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
အုတ်ဖိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် (၁-၄-၂၀၂၃)မှ(၃၁-၃-၂၀၂၄)အထိ ကာလအပိုင်းအခြားအတွက် မြို့ဝင်ကြေးဘီးကောက်လိုင်စင်မှအပ သားသတ်လိုင်စင်များအား အညီအမျှခွဲဝေချထားပေးခြင်းစနစ်ဖြင့်လည်းကောင်း၊ အပေါင်ဆိုင်လိုင်စင်များကို သက်တမ်းတိုးစနစ်ဖြင့်လည်းကောင်း၊ ကျန်အခွင့်အရေးလိုင်စင်များအား စျေးပြိုင်စနစ်ဖြင့်ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ယနေ့လေလံတင်ရောင်းချခြင်းအခမ်းအနားတွင် မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ကိုမှ အခွင့်အမှာစကားပြောကြားပြီး စည်ပင်အမှုဆောင်အရာရှိဦးဖြိုးဝေအောင်မှ အခွင့်အရေးလိုင်စင်များရောင်းချခြင်းနှင့်ပတ်သက်၍ စည်းကမ်းချက်များကိုရှင်းလင်းပြောကြားရာ ယခုလုပ်ငန်းတွေမှရရှိလာတဲ့အခွန်အခများမှ မြို့နယ်ပြည်သူလူထုစိတ်အေးချမ်းသာစွာ သွားလာနေထိုင်နိုင်ရေးအတွက် ရေးစီးရေလာကောင်းမွန်ရေးနှင့် လမ်းတံတားများစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာအသုံးပြုသွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက်စည်ပင်သာယာရေးအဖွဲ့မှဒုဦးစီးမှူးက လေလံစည်းကမ်းများကိုရှင်းလင်းပြေားကြားရာ တက်ရောက်လာကြသည့် လေလံလျှောက်ထားသူများကသိလိုသည်များကို ပြန်လည်မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး လေလံရောင်းချခြင်းကိုစတင်ခဲ့ကြောင်းနှင့် အရပ်ရပ်ဆိုင်ရာအခွင့်အရေးလိုင်စင်(၃၉)ခုအား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)