ဝါးခယ်မမြို့နယ် အ.ထ.က (ကလ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဝါးခယ်မ  ဇန်နဝါရီ  ၁၈

အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ရည်ကိုယ်သွေး၊ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်မြှင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အ.ထ.က(ကလ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရီရီလွင်၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးစီးမှူး ဦးအောင်မိုး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေး၊ လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်တင်တင်မြင့်၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး‌ ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံဦးစီးမှူး ဦးအောင်မိုးမှ ကလေးသူငယ်များအား စားသုံရန်မသင့်သည့် အစားအစာများနှင့် ဆိုးဆေးများစွာ ပါဝင်သည့် အချိုရည်များ၊ ဓာတုဆေးဝါးများအကြောင်း ရှင်းလင်းပြောကြားပြီး အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဝါးခယ်မမြို့နယ်မှ မြို့နယ်အားကစားမှူး ဒေါ်ဖြူနှင်းဖွေးမှ လူငယ်နှင့်ခေါင်းဆောင်မှု ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ ခေါင်းဆောင်တစ်ဦး၏ ရှိသင့်ရှိထိုက်သည့် အရည်အချင်းများ၊ ခေါင်ဆောင်မှု၏ လိုအပ်ချက်များ၊ ခေါင်းဆောင်တစ်ဦး၏ အကျင့်စရိုက်ဆိုင်ရာ ပြည့်စုံရမည့်တန်ဖိုးများ၊ ခေါင်းဆောင်များ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ခေါင်းဆောင်တို့ပြည့်စုံရမည့် နာယကဂုဏ်(၆)ပါး စသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းနှင့် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်တင်တင်မြင့်မှ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများအား အသိပညာဆွေးနွေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်မှ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာမြင့်မားဖို့စာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးရာ စာပေဖတ်ရှုလေ့လာခြင်းသည် အသိဉာဏ်ပညာဗဟုသုတများစွာ တိုးပွားစေခြင်း၊ လက်တွေ့ဘဝတွင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခြင်း၊ အမှား၊ အမှန်ကို ကောင်းစွာ ဝေဖန်ပိုင်းခြားနိုင်ခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ခြင်း၊ မူးယစ်ဆေးဝါးများအား ရှောင်ကြဉ်ရန်၊ မသုံးစွဲရန်နှင့် သုံးစွဲသူများကို တွေ့ရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူများထံ အသိပေး အကြောင်းကြားရန် အစရှိသည့် အသိပညာပေး အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)