ပြည် ဇန်နဝါရီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ သရေခေတ္တရာပြည်မြို့နှင့် ဒေသအတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အလင်္ကာဟိုတယ်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဒေသခံခရီးသွားလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင်ပဲခူးတိုင်ဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အတူ တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးအောင်သောင်းထိုက်၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦး၊ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသတွင်းဟိုတယ်/ခရီးနှင့်စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ပြီး တက်ရောက်လာကြသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြည်ခရိုင်အတွင်း ခရီးသွားလုပ်ငန်းအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ထို့နောက် ဟိုတယ်လုပ်ငန်းရှင်များအသင်း(သရေခေတ္တရာ) ပြည်ဇုန်ဥက္ကဋ္ဌဦးထွန်းလင်းသောင်း၊ တည်းခိုခန်းလုပ်ငန်းရှင်များ၏ကိုယ်စားလှယ်ဦးမြင့်နိုင်ထွန်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်ကိုယ်စားလှယ်(၁)ဦး၊ သရေခေတ္တရာမြင်းစီးအသင်းကိုယ်စားလှယ်(၁)ဦးနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ကိုယ်စားလှယ်(၂)ဦးတို့က ပြည်ခရိုင်အတွင်းခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများနှင့် လိုအပ်သည့်အချက်များကို ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြပြီး ယင်းတင်ပြချက်များအပေါ်တိုင်းဒေသကြီးဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တာဝန်ရှိသူများကို လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)