မွေးမြူရေးလုပ်ငန်း လုပ်ကိုင်ကြသူများအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် သွင်းအားစုများ ထုတ်ချေးပေးမည်

အိမ်မဲ ဇန်နဝါရီ  ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည် လုပ်ငန်းများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ အရင်းမပျောက် မတည်ရန်ပုံငွေဖြင့် သွင်းအားစုများကို  ထုတ်ချေးပေးသွားမည်ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အိမ်မဲမြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများဖြစ်သော အသားတိုးဝက်၊ ကြက်နဲ့ ဥစားဘဲ လုပ်ငန်းများကို သွင်းအားစုများထုတ်ချေးပေးသွားမှာဖြစ်ပြီး အသားတိုးဝက် ကတော့ (၁)ယူနစ်ကို အကောင်(၁၀၀)၊ (၁)နှစ်မှာ (၂)သုတ်မွေးရပါမယ်။ သွင်းအားစုအနေနဲ့ သိန်း (၃၅၀) ကျပ်တန်ဖိုးရှိ မျိုးနဲ့အစာကို ပေးမှာပါ။ ကြက်မှာဆိုရင် (၁)ယူနစ်ကို အကောင် (၃၀၀၀)၊ (၁)နှစ်မှာ (၄)သုတ်မွေးရပါမယ်။ သွင်းအားစုအနေနဲ့ သိန်း(၁၅၀)ကျပ် တန်ဖိုးရှိ မျိုးနဲ့ အစာကို ပေးမှာပါ။ ဥစားဘဲမှာဆိုရင်လည်း အကောင် (၃၀၀၀)၊ (၁)နှစ်မှာ (၁)သုတ် မွေးရပါမယ်။ သွင်းအားစုအနေနဲ့ သိန်း (၁၅၀)ကျပ်တန်ဖိုးရှိ မျိုးနဲ့အစာ ပေးမှာပါ။ မွေးမြူရေး လုပ်ကိုင်သူများအနေနဲ့ (၁)နှစ်ပြည့်ရင် အရင်းနဲ့ အတိုး (၁)ရာခိုင်နှုန်းကို ပြန်လည်ပေးသွင်းရ မှာပါ။ ပြောချင်တာက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ဥပမာအနေနဲ့ ကြက်မွေးမြူတဲ့သူဆို တစ်ဦးက အကောင် (၁၀၀၀)မွေးတယ်ပဲထား၊ (၃)ဦးပေါင်းပြီးတော့လည်း မြို့နယ် မွေး/ကုရုံးမှာ စာရင်းလာပေးလို့ရ ပါတယ်။ (၁)ဦး (၁)ယောက်ထဲ လုပ်ကိုင်ချင်တဲ့သူတွေလည်း လာရောက် စာရင်းပေးလို့ ရပါတယ်”လို့ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်က ပြောသည်။

အဆိုပါ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် လာရောက်စုံစမ်းနိုင်သလို မြို့နယ်ဦးစီးမှူး ဒေါင်တာခွန်မင်းမောင် ဖုန်း ၀၉၄၂၅၃၁၀၃၃၂ သို့ အသေးစိတ် မေးမြန်းနိုင်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ)