မင်းတုန်း ဇန်နဝါရီ ၁၈
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီက အခြေခံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု သင်တန်းဖွင့်ပွဲပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားပြီး သရက်ခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြထွေးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ သဘာဝဘေးသည် တားဆီး၍မရကြောင်း သို့သော် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့ပါးအောင် လုပ်၍ရကြောင်း၊ သဘာဝဘေးဖြစ်ပေါ်လာပါက ဒေသခံပြည်သူလူထုသာ ဦးစွာ ထိခိုက်ခံစားရသည့်အတွက် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အခြေခံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်း ဆက်လက်ပို့ချရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝေါဟာရနှင့် သဘောတရား၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုစက်ဝန်း၊ ငလျင်ဘေးအန္တရာယ်နှင့် ဆောင်ရန်/ရှောင်ရန်အချက်များ၊ မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲခြင်းနှင့် ၎င်း၏ သက်ရောက်မှုများ စသည့် သင်ခန်းစာများ ပို့ချမည်ဖြစ်သည်။ အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ(၂၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)