တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား ကြည်ရှုအားပေး    

ထားဝယ် ဇန်နဝါရီ ၁၈

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်နှင့် အခြားသော သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ထိရောက်ဆုံးနှင့် အမြန်ဆုံး ကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီး၍ ကြက်ခြေနီတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့၊ ဆရာ/မများနှင့် ကျောင်းသား/ သူများ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ် (၅) အခြေခံပညာအထက်တန်း ကျောင်းအဆောက်အဦရှေ့တွင် ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်နေရာသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် ဝန်ကြီးများ၊ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာဆရာမများ တက်ရောက်ကြည်ရှုအားပေးခဲ့ကြသည်။

ဇာတ်တိုက်လေ့ကျင့်ရာတွင် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့တို့က မီးငြိမ်းသတ်ယာဉ်၊ လူနာ ကူညီသယ်ဆောင်ရေးယာဉ်များဖြင့် အလျင်အမြန် ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေး သုံးပစ္စည်းကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းများကို လျှင်မြန်စွာ ပြင်ဆင် ဆောင်ရွက်ခဲ့ကြသည်။       

ထို့နောက် ငလျင်လှုပ်ခတ်ပြီးသည်နှင့်တစ်ပြိုင်နက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ကျောင်းအဆောက်အဦအတွင်း ပိတ်ဆို့မိနေသူများအား လိုက်လံရှာဖွေပြီး ရှာဖွေကယ်ဆယ်ရေး ပစ္စည်းများအသုံးပြု၍ အဆောက်အဦအပြင်ဘက်သို့ လျှင်မြန်စွာ ကယ်ထုတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ရှာဖွေကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို လွှဲပြောင်းပေးအပ်ရာ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့များက ဆက်လက်သယ်ဆောင်၍ ရှေးဦးပြုစုခြင်းနှင့် အရေးပေါ်နှလုံးနှိုးဆွ အသက်ရှူနည်းဖြင့် ပြုစုပေးခဲ့ကြပြီး ကယ်ဆယ်ရေးယာဉ်ဖြင့် တင်ဆောင်၍ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် မိဘများထံ စနစ်တကျ လွှဲပြောင်းပေးခြင်းတို့ကို အချိန်တိုအတွင်း အလျင်အမြန် ပြီးစီးရန် ဇာတ်တိုက်လေ့ကျင့် ခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကိုက တပ်ဖွဲ့ဝင်များအနေဖြင့် မည်သည့် သဘာဝ ဘေးအန္တရာယ်မဆို မဖြစ်ခင်အချိန်တွင် မည်သို့လုပ်ဆောင်ရမည်ကို ကြိုတင်ဇာတ်တိုက် လေ့ကျင့်ထားရန် လိုအပ်ကြောင်း၊  သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ဆုံးရှုံးမှုများ၊ ကျဆုံးမှုများရှိလာနိုင်သောကြောင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့် ထားမှုများ မရှိပါက ထိခိုက်နစ်နာ ဆုံးရှုံးမှုများရှိနိုင်ကြောင်း၊ ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းလို့မရနိုင် ကြောင်း၊ ဥပမာ လေပြင်းမုန်တိုင်းတွင် လေဖိအားရပ်ဝန်းများ မုန်တိုင်းရွေ့လျားရာ လမ်းကြောင်းများကို ခန့်မှန်း၍ ရနိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်သော်လည်း ငလျင်ဘေးသည် ကြောက်စရာကောင်းပြီး ခန့်မှန်း၍ မရနိုင်ကြောင်း၊ အထူးသဖြင့် အများပြည်သူစုဝေးရာနေရာနှင့် စာသင်ကျောင်းများအား ပိုပြီး ဂရုစိုက်ကြရန် လိုအပ်ကြောင်း၊  အလားတူပင် အခြားစာသင်ကျောင်းများတွင် ဇာတ်တိုက်လေ့ကျင့်သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)