ဘားအံပညာရေးဒီဂရီကောလိပ်တွင် မောင်မယ်သစ်လွင် ၁၆၁ ဦးအပါအဝင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းသား၊ကျောင်းသူ ၄၉၄ ဦး တက်ရောက်လျက်ရှိ

ဘားအံ ဇန်နဝါရီ ၁၇

ဘားအံပညာရေးဒီဂရီကောလိပ်တွင် ကရင်ပြည်နယ်အတွင်းမှ ၂၀၂၂ ခုနှစ်၌ အခြေခံပညာအထက်တန်းအောင် ပထမနှစ် ကျောင်းသား၊ကျောင်းသူ မောင်မယ်သစ်လွင် ၁၆၁ ဦးအပါအဝင် ပထမနှစ်(ဒုတိယနှစ်ဝက်) ၂၇၃ ဦး၊ ဒုတိယနှစ်(ပထမနှစ်ဝက်) ၆၀ ဦး စုစုပေါင်း ၄၉၄ ဦး တက်ရောက်လျက်ရှိကြောင်း ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၈ နာရီခန့်က အဆိုပါ ဒီဂရီကောလိပ် သီရိခန်းမ၌ ကျင်းပသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားမှ သိရသည်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မိမိတို့နိုင်ငံ၏ ပညာရေးဖွံ့ဖြိုး တိုးတက်မှု အကျိုးကို မျှော်ကိုး၍သော်လည်းကောင်း၊ အသက်မွေးဝမ်းကြောင်း ပညာရပ်တစ်ခုအနေဖြင့် တန်းဖိုးရှိလှသည့် ဆရာ့ဘဝကို ခံယူလို၍သော်လည်းကောင်း ပညာရေး လောကထဲကို ဝင်ရောက်လာကြသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ လေးနှစ်သင် သင်တန်းများ ပြီးဆုံးသွားပါက မောင်တို့၊မယ်တို့သည် BA(Education)၊ B.Sc(Education)စသည့် ပညာရေးဘွဲ့များကို ပေးအပ်ချီးမြှင့်ခံရမည်ဖြစ်ပြီး မိမိတို့ပြည်နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်မှု၊ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန် ယခုဘားအံပညာရေး ဒီဂရီကောလိပ်တွင် ပျော်ရွှင်စွာဖြင့် ကြိုးစားသင်ယူသွားကြစေလိုကြောင်း၊ ဘာသာရပ်တစ်ခု၏ အကြောင်းအရာများကို သင်ယူရာတွင် လက်တွေ့ဘဝနှင့် ပေါင်းစပ်/ဆက်စပ်သင်ယူနိုင်သော စဉ်းစားတွေးခေါ် သင်ကြားပို့ချပေးနိုင်သော ဆရာ၊ဆရာမကောင်းများဖြစ်အောင် ကြိုးစား ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာများနှင့် ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင်များအတွက် ငွေကျပ် ၃၂ သိန်း ၂ သောင်း အား ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် မောင်မယ်သစ်လွင်များက ပဒေသာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး မောင်မယ်သစ်လွင်ရွေးချယ်ကာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဥပဒေချုပ်တို့က ဆုရရှိသော မောင်မယ်သစ်လွင်နှင့် Prince & Princess များအား ဆုများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင်များသည် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကာ ဘားအံပညာရေး ဒီဂရီကောလိပ် စားရိပ်သာနှင့် စားဖိုဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)