အိမ်မဲ ဇန်နဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် မွေးမြူရေးလုပ်ငန်းဆောင်ရွက်မည် လုပ်ငန်းများအား မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ အရင်းမပျောက်မတည်ရန်ပုံငွေဖြင့် သွင်းအားစုများကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ အိမ်မဲမြို့နယ်အတွင်းမွေးမြူရေးလုပ်ငန်းများဖြစ်သော အသားတိုးဝက်၊ ကြက်နဲ့ဥစားဘဲလုပ်ငန်းများကို သွင်းအားစုများထုတ်ချေးပေးသွားမှာဖြစ်ပြီး အသားတိုးဝက်ကတော့ (၁) ယူနစ်ကို အကောင် (၁၀၀) ၊ (၁) နှစ်မှာ (၂) သုတ်မွေးရပါမယ်။ သွင်းအားစုအနေနဲ့ သိန်း (၃၅၀) ကျပ်တန်ဖိုး ရှိ မျိုးနဲ့ အစာကို ပေးမှာပါ။ ကြက်မှာဆိုရင် (၁) ယူနစ်ကို အကောင် (၃၀၀၀) ၊ (၁) နှစ်မှာ (၄) သုတ်မွေးရပါမယ်။ သွင်းအားစုအနေနဲ့ သိန်း (၁၅၀) ကျပ်တန်ဖိုးရှိ မျိုးနဲ့အစာကိုပေးမှာပါ။ ဥစားဘဲမှာဆိုရင်လည်း အကောင် (၃၀၀၀) ၊ (၁) နှစ်မှာ (၁) သုတ်မွေးရပါမယ်။သွင်းအားစုအနေနဲ့ သိန်း (၁၅၀) ကျပ်တန်ဖိုးရှိ မျိုးနဲ့အစာပေးမှာ ပါ။ မွေးမြူရေးလုပ်ကိုင်သူများအနေနဲ့ (၁) နှစ်ပြည့်ရင် အရင်းနဲ့အတိုး (၁) ရာခိုင်နှုန်း ကိုပြန်လည်ပေးသွင်းရမှာပါ။ ပြောချင်တာက မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ကြတဲ့ ဥပမာအနေနဲ့ ကြက်မွေးမြူတဲ့သူဆို တစ်ဦးကအကောင် (၁၀၀၀) မွေးတယ်ပဲထား၊ (၃) ဦးပေါင်းပြီးတော့လည်း မြို့နယ် မွေး/ကု ရုံးမှာ စာရင်းလာပေးလို့ရပါတယ်။ (၁) ဦး (၁) ယောက်ထဲ လုပ်ကိုင်ချင်တဲ့သူတွေလည်း လာရောက်စာရင်းပေးလို့ရပါတယ်” လို့ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယဦးစီးမှူး ဒေါက်တာခွန်မင်းမောင်ကပြောသည်။
အဆိုပါမွေးမြူရေးလုပ်ငန်း လုပ်ကိုင်လိုသူများအနေဖြင့် မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် လာရောက်စုံစမ်းနိုင်သလို မြို့နယ်ဦးစီးမှူး ဒေါင်တာခွန်မင်းမောင် ဖုန်း ၀၉၄၂၅၃၁၀၃၃၂ သို့ အသေးစိတ်မေးမြန်းနိုင်ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ)