ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ဘားအံ)၌ ဂဟေဆက်သင်တန်း ဖွင့်လှစ်

ဘားအံ ဇန်နဝါရီ ၁၈

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ဘားအံ) တွင် ဂဟေဆက်သင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က လှာကမြင် ကွက်သစ်ရှိ အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ရေးနယ်ပယ်တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ပြီး အလုပ်အကိုင် အခွင့်အလမ်းရရှိရေး များစွာ အထောက်အကူပြုမည်ဖြစ်ကာ ကိုယ်ပိုင် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ထူထောင်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့နှင့် လုပ်ငန်းခွင်ဆိုင်ရာ အတွေ့အကြုံ အသိပညာများကို  လက်တွေ့ဘဝနယ်ပယ်တွင် ပြန်လည် အသုံးချနိုင်သည်အထိ အားသွန်ခွန်စိုက် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊  သင်ယူရရှိသည့် အသိပညာ၊ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကိုအသုံးချ၍ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းဆိုင်ရာများနှင့်သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါဂဟေဆက်သင်တန်းသို့ သင်တန်းသား(၂၀)ဦး တက်ရောက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)