ဟင်္သာတမြို့နယ်၌ လူငယ်များအတွက် မှုးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဟင်္သာတ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းတွင် မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (ဟင်္သာတ) မှ ကြီးမှုးကျင်းပသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက အဆိုပါကျောင်း ပြည်ထောင်စု ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှုး ဆရာမကြီးဒေါ်ခင်နှင်းယုမှ အဖွင့်အမှာစကားပြောကြားပြီးနောက် အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်ယဉ်ဌေးက ဟောပြောပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍  ဦးသက်ဆွေ (စာရေးဆရာနောင်ရိုး၊ ပညာ​ရေး) မှ လူငယ်နှင့်စိတ်ဓာတ်၊ စည်းကမ်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒေါက်တာနွဲ့နွဲ့ရီ (တွဲဖက်ပါမောက္ခ မြန်မာစာဌာန/ဟင်္သာတ) တက္ကသိုလ်(စာရေးဆရာမ နန်းရွှေရည်) မှ မူးယစ်အန္တရာယ် တို့ကာကွယ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ဒေါ်အေးအေးမာ (ဦးစီးအရာရှိ ခရိုင်ပြန်ဆက်ရုံး) မှ လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

 အဆိုပါ အခမ်းအနားသို့ ဆရာ၊ ဆရာမများနှင့် အလယ်တန်းဆင့် အထက်တန်းဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၅၀  ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုဇော် ဟင်္သာတ