ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်မှုထိရောက်စေရေး စည်ပင်သာယာဈေးများတွင် သတ်မှတ်စည်းကမ်း ကန့်သတ်ချက်များထုတ်ပြန်

ကော့သောင်း၊ စက်တင်ဘာ ၂၅

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်မှုရှိစေရေး ကော့သောင်းမြို့နယ် အတွင်းရှိ စည်ပင်သာယာအဖွဲ့ပိုင်ဈေးများနှင့် ပုဂ္ဂလိကပိုင်ဈေးများရှိ ဈေးဆိုင်ခန်းများအား ယနေ့မှစ၍  သတ်မှတ် စည်းကမ်း ကန့်သတ်ချက်များ ဖြင့်ရောင်းချကြရေး ထုတ်ပြန်ကြေညာထား ရှိကြောင်းသိရသည်။
ကော့သောင်းမြို့ပေါ်ရှိ စည်ပင်သာယာဈေးများနှင့် ပုဂ္ဂလိကပိုင်ဈေးများအားလုံး အတွင်းရှိ ဈေးဆိုင်ခန်းများကို ဆိုင်ခန်းတစ်ခန်းခြားတစ်ရက်စီ အလှည့်ကျစနစ်ဖြင့် ဖွင့်လှစ်ရောင်းချ ရမည်ဖြစ်ကြောင်း ကော့သောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏အမိန့်ကြော်ငြာချက်အရ သိရသည်။
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးရည်ရွယ်ကာ ဈေးများအတွင်းလူဝင်ရောက်မှုနည်းစေကာ ရောဂါ ကူးစက်မှု ကျဆင်းစေရန်ဖြစ်ကြောင်း၊ ဈေးများအားလုံး တွင်ဈေးဝယ်သူများသည် လက်ဆေး၊ နှာခေါင်းစည်းများတပ်ဆင်ပြီး ဝင်ရောက်ဈေးဝယ်ကြရန်နှင့်ရောင်းသူနှင့်ဝယ်သူများ နှာခေါင်း စည်းများ စနစ်တကျတပ်ဆင်ကာ ၆ပေအကွာမှ ရောင်းချဝယ်ယူကြရမည်ဖြစ်ကာ နာမကျန်းဖြစ်နေ သူများ ဈေးအတွင်းဝင်ရောက် ရောင်းချဝယ်ယူခွင့်မရှိကြောင်း လည်း သိရသည်။
ဈေးရောင်း/ဝယ်သူများ အားလုံး နှာခေါင်းစည်းမတပ်ဆင်ပါက အရေးယူမှုများဆောင်ရွက်သွား မည်ဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်အား ဈေးများအားလုံးရှိ ဈေးသူ/သားများသို့ အကြောင်းကြား အသိပေးထားပြီး ဖြစ်ကာ လိုက်နာခြင်းမရှိပါက စည်ပင်သာယာရေးဥပဒေဖြင့် အရေးယူသွား မည်ဖြစ် ကြောင်းသိရသည်။
ကျော်စိုး (ကော့သောင်း)