ရှမ်းရွာသစ် စက်တင်ဘာ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် မြို့အတွင်းရှိ ကျေးရွာ (၅)ရွာတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းသည် ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ကျေးလက်နေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စီးပွားရေးအခက်အခဲများကို ကုစားပေး နိုင်ရန် အတွက် ရည်ရွယ်ခြင်းဖြစ်ပြီး ကျေးရွာပြည်သူလူထု ကိုယ်တိုင် မိမိတို့ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရွေးချယ် ကာ ချက်ခြင်းလုပ်အားပေးချေစနစ်ဖြင့် မဲကတောခီးကျေးရွာ၊ ကွီးလော်ဖလိုး ကျေးရွာ၊ ထီးကနဲကျေးရွာ၊ ခလော့ဒေးကျေးရွာနှင့် ကွီးလေးကျေးရွာတို့၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် Cash For Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ်သိန်း (၁၀၀)စီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် ရေပိုက်လိုင်းသွယ်တန်း ခြင်းလုပ်ငန်း(၁)ခု၊ လမ်းဘေးဝဲယာ ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း (၄)ခု၊ ကျောက်ရောမြေသားလမ်း ခင်းခြင်းလုပ်ငန်း (၁)ခု၊ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်း(၁)ခုနှင့် ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်း (၁)ခု တို့အား ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)