ကသာမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ပြုလုပ်

ကသာ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန် ဆုပေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ရာစုသစ်ရဲ့ ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အဆိုပါရည်ရွယ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေ့သည့် ပညာရေးလုပ်ငန်းစဉ်များ၊ ပညာရေးကဏ္ဍ၏ အရေးပါမှုနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် စိတ်ဓာတ်ရေးရာ မြင့်မားကောင်းမွန်အောင်နှင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ရှင်တန်ခိုင်မာအောင် လေ့ကျင့်ဖော်ထုတ် ပေးရန်တို့ကို တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် ဦးထွန်းဝင်းနှင့် အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဝင်းတို့က အမှာစကားပြောကြားကြရာတွင် မိမိကျောင်းဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ ကျောင်းသား/သူများ ဘက်စုံပညာ ထူးချွန်ရေးတို့ အတွက် မိမိတို့ ပညာရေးဌာန၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ မိဘများမှ ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုလို ထူးချွန်ကျောင်းသားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာခြင်းဖြစ်ကြောင်း၊ အားလုံး ပူးပေါင်းပါဝင် ဝိုင်းဝန်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်း ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အထက်တန်းအဆင့် လူရည်ချွန်၊ အလယ်တန်းအဆင့် လူရည်ချွန်ဆုရ ကျောင်းသား/သူများနှင့် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့တွင် ကဏ္ဍအသီးသီးမှ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား/သူများကို ဂုဏ်ပြုဆုများ အသီးသီး ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/သူလေးများက “ပန်းတိုင်းပွင့်မည် ဤဌာနေ”  တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ပေးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(ကသာ)