ပြည်မြို့တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်

ပြည်   ဇန်နဝါရီ    ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဆည်မြောင်းခန်းမ၌ ယနေ့နံနက် ၈ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မည့် တောင်သူများအတွက် သွင်းအားစုပစ္စည်းများပေးအပ်ပွဲကျင်းပရာ အခမ်းအနားသို့ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက  တောင်သူဦးတင်အောင်နှင့်အစုအဖွဲ့(၅)ဦး၊ တောင်သူဦးရဲလွင်ဦးနှင့်အစုအဖွဲ့(၅)ဦးတို့အား နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်သွင်းအားစုပစ္စည်းများပေးအပ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသောင်းထိုက်က တောင်သူဦးကျော်နိုင်ဦးအစုအဖွဲ့(၅)ဦး၊ တောင်သူဦးအေးဆွေနှင့်အစုအဖွဲ့(၅)ဦးတို့အတွက်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီးဦးတင်ဦးက တောင်သူဦးအောင်ဆင့်နှင့်အစုအဖွဲ့(၅)ဦး၊ တောင်သူဦးတင်မောင်ဆန်းနှင့်အစုအဖွဲ့(၅)ဦးတို့အတွက်လည်းကောင်း၊ နွေစပါးစိုက်ပျိုးထုတ်လုပ်မည့်သွင်းအားစုပစ္စည်းများကို အသီးသီးပေးအပ်ရာ နွေစပါးစိုက်တောင်သူများကိုယ်စား တောင်သူဦးတင်မောင်ဆန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

အဆိုပါသွင်းအားစုပစ္စည်းများပေးအပ်ရာတွင် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းဖိုးစီဖြင့် ပြည်မြို့နယ်အတွင်း နွေစပါးစိုက်တောင်သူများ၏ နွေစပါးစိုက်ဧက(၁၂၆၄၅)အတွက် ပေးအပ်ခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကိုစိုး(ပြည်)