ကန့်ဘလူ ဇန်နဝါရီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ရေလှောင်တမံ ငါးခုနှင့် လျှပ်စစ်ရေတင်လုပ်ငန်း တစ်ခုတို့မှ နွေစပါး ၂၆၅၁၀ ဧကကို အောင်မြင်စွာစိုက်ပျိုးနိုင်ရေး စိုက်ပျိုးရေများကို ဖေဖော်ဝါရီ ပထမပတ်တွင် စတင်ပေးဝေသွားမည်ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ကန့်ဘလူမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူလယ်သမားများ ရာသီအလိုက် သီးနှံများအချိန်မ စိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရန်အတွက် နှစ်စဉ်ရေလှောင်တမံများမှ စိုက်ပျိုးရေးများကို ရေပေးမြောင်းများမှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများ အရောက် စနစ်တကျ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျတဲ့စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေး၊ စိုက်ပျိုးထုတ်ကုန်များတိုးတက်ရေးနဲ့ အထောက်အကူပြုစေရန်အတွက် ကျွန်တော်တို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနနဲ့ တည်ဆောက်ရေးလုပ်ငန်း ဌာနတို့က မြစ်ချောင်းများ၊ ဆည်များ၊ တာတမံများ၊ မြေအောက်ရေဖော်ထုတ်ရေး စီမံကိန်းများကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဒီနှစ် နွေစပါးစိုက်ပျိုးရာသီမှာ ကင်းတပ်လက်ဝဲတူးမြောင်း (OMC)မှ နွေစပါး ၂၂၉၀၀ ဧက၊ ကျေးပင်အက်ရေလှောင်တမံမှ ဧက ၁၂၀၀၊ လင်ပန်းရေလှောင်တမံမှ ဧက ၃၀၀၊ မင်းမြင်ရေလှောင်တမံမှ ဧက ၃၀၀၊ သိန်ရင်ရေလှောင်တမံမှ ဧက ၅၀၀နဲ့ လျှပ်စစ်ရေတင်လုပ်ငန်းမှ ဧက ၁၃၁၀ စုစုပေါင်း ၂၆၅၁၀ ဧကကို ဆည်ရေများပေးဝေစိုက်ပျိုးသွားမှာ ဖြစ်ပါတယ်”ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်မိုးအောင်က ပြောသည်။
ဒေသခံတောင်သူလယ်သမားများ နွေစပါးစိုက်ပျိုးရေ အပြည့်အဝရရှိစေရန် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများဖြင့် ပူးပေါင်းပြီး မြောင်းအလိုက် ရေပေးဝေရေးလုပ်ငန်းများကို စနစ်တကျလိုက်လံစစ်ဆေားခြင်း၊ ဆည်ရေအသုံးချရေးအဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့် မြောင်းလက်တံများတွင် ရေလှည့်စနစ်များ ပြုလုပ်၍ ရေပေးဝေခြင်းတို့ဖြင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ပြီး စားနပ်ရိက္ခာဖူလုံရေး၊ တောင်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လိုအပ်သည်များကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)