ကျွန်းလှမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေး

ကျွန်းလှ ဇန်နဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာသင်ကြားနေသော အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်) ၌ ထိုးနှံပေးကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျွန်းလှမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဝင်းဇော်ဌေးတို့က ကြည့်ရှုအားပေးပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ ထိုးနှံပေးကြသည်။

ကျွန်းလှမြို့နယ်တွင် အခြေခံပညာကျောင်း (၁၇) ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (၂) ကျောင်းတို့မှ အသက် ၅ နှစ်မှ ၁၂ နှစ်အထိ ကျောင်းသား၊ ကျောင်းသူ (၃၄၁၀) ဦးရှိပြီး၊ ယနေ့အထိ ကျောင်းသား‌၊ ကျောင်းသူ (၅၃၀) ဦးထိုးနှံပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)