ရေဖြူ စက်တင်ဘာ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့ နယ်၌ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ(၈)ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ မဲရုံပေါင်း(၁၁၄)ရုံဖြင့်ကျင်းပသွား မည်ဖြစ်ပြီး လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပနိုင်သော ရပ်ကွက်/ကျေးရွာအုပ်စု မရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး မှ သိရသည်။
ရေဖြူမြို့နယ်တွင် နိုင်ငံရေးပါတီ(၉)ခုမှတ်ပုံတင်ထားပြီး နိုင်ငံရေးပါတီ(၈)ခု မှ ကိုယ်စားလှယ် လောင်း ( ၃၂) ဦးဝင်ရောက်ရွေးချယ်ခံ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။
ဇူလိုင်(၂၅)ရက်နေ့မှဩဂုတ်(၁၄)ရက်အထိ ပထမအကြိမ်ထုတ်ပြန်ခဲ့သည့် မဲဆန္ဒရှင်စာရင်းအရ (၁၁၀၂၄၇) ဦး ရှိပြီး ဒုတိယအကြိမ်ထုတ်ပြန်မည့် မဲစာရင်းတွင် မဲဆန္ဒရှင်ဦးရေ (၁၁၀၈၁၉)ဦး ရှိကာ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာသည့်ရက်တွင် ကပ်ထားကြေညာ ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရေဖြူမြို့နယ်တွင် မဲရုံမှူး၊ဒုတိယမဲရုံမှူး(၂၂၈)ဦးအား ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်နှင့်ညွှန်ကြားချက်များနှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရေဖြူမြို့နယ် ရွေးကောက် ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်ထံမှသိရသည်။
ဖြူဖြူရှိန်(ပြန်/ဆက်)