ဒေးဒရဲမြို့၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ဒေးဒရဲ ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အနာဂတ် ကျောင်းသား၊ ကျောင်းသူများ မူးယစ်ဆေးဝါးကြောင့် ပညာသင်အခွင့်အလမ်းများ မဆုံးရှုံးစေရေး ရည်ရွယ်၍  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်က ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လူတစ်ဦးအတွက်သာမက နိုင်ငံတော်နှင့် ကမ္ဘာ့လူသားတစ်ရပ်လုံး၏ အန္တရာယ်ကို ကာကွယ်တားဆီးကာကွယ်ပေးခြင်းဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ ဒုတိယရဲမှူး သိန်းလှိုင်က မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင်လက္ခဏာများနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ကျခံရမည့် ပြစ်ဒဏ်များအား ဟောပြောခြင်းနှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာချိုချိုဝင်းက မူးယစ်ဆေးဝါးသုံးစွဲသူများ ရရှိမည့်ထိခိုက်မှု ဆိုးကျိုးအန္တရာယ်၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုအန္တရာယ်များကို ဆွေးနွေးဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အသိပညာပေး ပြသထားသော မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း