တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး အတွက် အသိပေးနှိုးဆော်ခြင်း အရှိန် အဟုန်မြှင့်ဆောင်ရွက်

မြို့သစ် စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ သနန်ကျေးရွာ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် Hand Speaker ဖြင့် အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေ ၄ နာရီက သနန်ကျေးရွာ၊ ကျေးလက်ကျန်းမာရေးဌာနနှင့်‌ ကျေးရွာ တာဝန်ရှိ သူများ ပူးပေါင်း၍ ကျေးရွာရပ်ကွက်အတွင်းသို့ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဘာအကြောင်းအရာ အဓိကထားပြီး လိုက်လံနှိုးဆော်တာလည်းဆိုတော့ လက်ရှိရောဂါ ဖြစ်ပွားနေတဲ့ သူတွေ ၇၀ ရာခိုင်နှုန်းက ရောဂါလက္ခဏာမပြတဲ့အကြောင်း၊ ရခိုင်ပြည်နယ်က ပြန်လာတဲ့သူတွေရှိပါကလည်း ကျန်းမာရေးဌာနနဲ့အုပ်ချုပ်ရေး အဖွဲ့အစည်းကို သတင်းပို့ ပေးကြဖို့နဲ့ သူတို့ကနေတဆင့် အခြားသူတွေကို ရောဂါကူးစက်ပြန့်ပွားနိုင်တဲ့အတွက် သတိပြု လိုက်နာကြဖို့၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြဖို့ အသိပေးနှိုးဆော်တာပါ ဟု သနန်ကျေးရွာ၊ ကျန်းမာရေးမှူး ဦးမျိုးလွင်က ပြောကြားသည်။

ထိုသို့ ကျေးရွာရပ်ကွက်အတွင်း လိုက်လံအသိပေးနိုးဆော် ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို တတ်နိုင်သမျှ လိုက်နာ ဆောင်ရွက်ကြရန်၊ မလိုအပ်ဘဲ မသွားလာကြရန်၊ သွားလာရာတွင်လည်း နှာခေါင်း စည်း Mask များကို တပ်ဆင်ပြီးမှသာသွားလာကြရန်၊  အခြားသူများနှင့်လည်း တတ်နိုင်သမျှ ၆ ပေအကွာ နေထိုင်ကြရန်၊ လက်ကို ဆပ်ပြာဖြင့် စနစ်တကျ ဆေးကြောရန်၊ လူစုလူဝေးမပြုလုပ်ကြရန် အစရှိသည်တို့ကို ကျေးရွာပြည်သူများ ပူးပေါင်းပါဝင်ကူညီမှုဖြင့် လိုက်နာဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးအတွက် အသိပေးနှိုးဆော်ခြင်းကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အစည်းနှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများပူးပေါင်းကာ ကျေးရွာ အတွင်းသို့ တစ်ရက်လျှင် ငါးကြိမ်ခန့် လိုက်လံအသိပေး နှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ပြီး ကျေးရွာနေပြည်သူများ ပိုမိုသတိပြု လိုက်နာဆောင်ရွက်နိုင်ရန် အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ထွန်းမင်းအောင် (ကဘော်မြေ)