ငဖဲ ဇန်နဝါရီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ဆောင်းသီးနှံများ စိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံ၊ ရင်းရှည်ရေလှောင်တမံမှ ဆည်ရေများနှင့်မြေအောက်ရေတို့ကို အသုံးပြု၍ ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် ပဲမျိုးစုံ(၆၄၇၆)ဧက စိုက်ပျိုးပြီးစီးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကာ လျာထားချက်ထက်(၂၀၄)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းသီးနှံ ပဲမျိုးစုံများအဖြစ် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲကြီး၊ ကုလားပဲ၊ ပဲနောက်နှင့် အခြားပဲမျိုးစုံကို စိုက်ပျိုးကြပြီး မတ်ပဲစိုက်ပျိုးရန် (၁၅၀)ဧက၊ ပဲကြီး (၃၅)ဧက၊ ကုလားပဲ (၅၉၇၄)ဧက၊ ပဲနောက် (၆၂)ဧကနှင့် အခြားပဲမျိုးစုံ (၅၁ )ဧက စုစုပေါင်း (၆၂၇၂)ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ယနေ့ထိ မတ်ပဲစိုက်ပျိုးရန် (၄၀) ဧက၊ ပဲတီစိမ်း (၂၄၂ )ဧက၊ ပဲကြီး (၃၂)ဧက၊ ကုလားပဲ(၅၂၀၆)ဧက၊ ပဲနောက် (၉၃၈) ဧကနှင့် အခြားပဲမျိုးစုံ(၁၈)ဧက စုစုပေါင်း (၆၄၇၆)ဧက စိုက်ပျိုးပြီးစီးကာ လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုးစပါးများ ရိတ်သိမ်းခြွေလှေ့အပြီး လယ်မြေများတွင် ဒေသခံတောင်သူများက ပဲတီစိမ်းနှင့်ပဲနောက်ကို ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြကြောင်းနှင့် ငဖဲမြို့နယ် အနေဖြင့် ယမန်နှစ်က ပဲမျိုးစုံ (၆၂၇၂) ဧကကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ငဖဲမြို့နယ်တွင် ယခုနှစ် နွေစပါးစိုက်ပျိုးမှုနည်းပါးကာ လယ်မြေများတွင် ပဲမျိုးစုံကို အဓိကထားစိုက်ပျိုးကြပြီး ယခင်နှစ်ကထက် မျိုးစေ့ဖိုး၊ သွင်းအားစုနှင့် မြေအောက်ရေတင်ရ၍ ဓါတ်ဆီဖိုး စသည့်ကုန်ကျစရိတ်များသောကြောင့် သီးနှံများအထွက်နှုန်းကောင်းမွန်ရန်နှင့် ပဲဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိကြောင်းနှင့် စိုက်ပျိုးပြီးစီးသော ပဲမျိုးစုံသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး၊ ပဲမျိုးစုံအထွက်နှုန်း ကောင်းမွန်ရေးတို့အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တို့ပူးပေါင်း၍ တောင်သူများအား အသိပညာပေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)