တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကျင်းပ

တောင်တွင်းကြီး  ဇန်နဝါရီ   ၁၇

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်၊ မြန်မာ့အားကစားအဆင့်အတန်း တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဦးစီးအရာရှိ‌ ဒေါ်အေးမိုးမိုးမြင့်က အားကစားနှင့်လူငယ်ရေးရာအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဖြိုးကိုက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ လုပ်ငန်းများအကြောင်း၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာန၏ လက်တလောဆောင်ရွက်နေသော အားကစားပြိုင်ပွဲများနှင့် လုပ်ငန်းစဉ်များအကြောင်း၊ အားကစားသိပ္ပံကျောင်းများ ဖွင့်လှစ်ထားရှိမှု၊  အားကစားနှင့်ကာယပညာသိပ္ပံကျောင်း အရည်အချင်းသတ်မှတ်ချက်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ သင်တန်းသား/ သူများအား နိုင်ငံတော်မှ ပံ့ပိုးမှုအခြေအနေများ၊ အားကစားနှင့်လူငယ်ရေးရာအကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲ  (Talk Show) ကို ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်အတွက် တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)