အင်းတော်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှဆင်းခွင့်ပြု

အင်းတော် စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ကိုဗစ်-၁၉ ပိုးတွေ့လူနာသည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ အင်းတော်မြို့ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူခဲ့ရာ ယနေ့တွင် အဆိုပါ ပိုးတွေ့လူနာမှာ ကျန်းမာရေးကောင်းမွန်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယနေ့တွင် ဆေးရုံမှဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာသည် ၂၀၂၀ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက်၍ ဂျပန်စကားပြောသင်တန်းတက်ရောက်ရန် အိမ်ငှားနေထိုင်ခဲ့ပြီး၊ သင်တန်းများ ပိတ်သည့် အတွက်ကြောင့် ၂၀၂၀ ခုနှစ် ဩဂုတ်လ (၃၁) ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ မီးရထားဖြင့်လည်းကောင်း၊ စက်တင်ဘာလ ၁ ရက် နေ့တွင် မန္တလေးမှ မိမိနေထိုင်ရာသို့ မီးရထားဖြင့် ပြန်လည်ရောက်ရှိခဲ့ကြောင်း၊ မိမိ၏ နေအိမ်တွင် ရန်ကုန်မှ ပြန်လာသည့်အတွက် Stay Home နေထိုင်နေစဉ်အတွင်း စက်တင်ဘာလ ၃ ရက်နေ့တွင် ချောင်းဆိုးခြင်း၊ စက်တင်ဘာလ ၆ ရက်နေ့တွင် နှာစေးခြင်း၊ စက်တင်ဘာလ ၁၀ ရက်နေ့တွင် အနံ့ပျောက်ခြင်း ရောဂါများကို ခံစားခဲ့ရသဖြင့် အင်းတော်မြို့ အောင်ဇေယျရပ်ကွက်ရှိ ရေတွင်းကုန်း အ-ထ-ကကျောင်းတွင် FQ ဝင်ရောက်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့တွင် SWAP နမူနာရယူ၍ မန္တလေးမြို့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာသို့ ပို့ဆောင် စစ်ဆေးခဲ့ရာ Covid-19 ရောဂါပိုး ကူးစက်ခံ ထားရကြောင်း သိရှိရခြင်းဖြစ်သည်။ ပိုးတွေ့ရှိရခြင်းကြောင့် အဆိုပါပါလူနာအား အင်းတော်မြို့ မြို့နယ် ပြည်သူ့ဆေးရုံ Isolation Centre တွင် စက်တင်ဘာလ ၁၃ ရက်နေ့မှ စတင်၍ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး၊ ၎င်းနှင့် ဆက်စပ်လျက် ရှိသော မိသားစုဝင် (၆) ဦးအားလည်း စက်တင်ဘာလ ၁၃ ရက်နေ့မှစတင်၍ FQ ဝင်ရောက်စေခြင်း၊ ၎င်းနေထိုင်သော အိမ်နှင့် ပတ်ဝန်းကျင်အား Lock Down ချထားခြင်းများကို သက်ဆိုင်ရာမှ စနစ်တကျဆောင်ရွက်ခဲ့ပြီး၊ ဆက်စပ် မိသားစုဝင်များအား လည်း Swab နမူများရယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ ဆက်စပ်မိသားစုဝင်များမှာ ပိုးကင်းစင်၍ ကူးစက်မှု မရှိသောကြောင့် မိသားစုဝင်များအား စက်တင်ဘာလ ၂၃ ရက်နေ့တွင် မိမိနေရပ် နေအိမ်တွင် HQ ဆက်လက်နေထိုင်ရန် ဆောင်ရွက်ထားရှိကြောင်း၊ ပိုးကူးစက်ခံရရပြီး ရောဂါပျောက်ကင်း သူအား ယနေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျော်သီဟ