ရှမ်းရွာသစ်မြို့တွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

ရှမ်းရွာသစ်   ဇန်နဝါရီ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိကျမှန်ကန်မှု ရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းများကို ဇန်နဝါရီလ(၉)ရက်နေ့မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် ကွင်းဆင်း ကောက်ယူလျက်ရှိကြောင်း သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေးစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးလုပ်ငန်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ကောက်ယူနိုင်ရန်နှင့် စာရင်းအချက် အလက်များ ပြည့်စုံမှန်ကန်စေ ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က ဦးဆောင်၍ ကြီးကြပ်မှုကော်မတီအဖွဲ့များက လိုအပ်သည်များကို ကြီးကြပ်ကူညီဆောင်ရွက်ပေးကာ ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ ပူးပေါင်း၍ တစ်အိမ်တက်ဆင်း ကွင်းဆင်းစာရင်းကောက်ယူလျက် ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၅)အုပ်စုရှိ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီလ(၉)ရက်နေ့မှစ၍ ဇန်နဝါရီလ (၂၈) ရက်နေ့အထိ  ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)