ပွင့်ဖြူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူ

ပွင့်ဖြူ ဇန်နဝါရီ ၁၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Pilot Project )လုပ်ငန်းအား ဇန်နဝါရီလ ၉ ရက်နေ့ကစပြီး စာရင်းကောက်ယူရေး (Working Group) အဖွဲ့များမှ မြို့ပေါ်ရပ်ကွက်(၄) ရပ်ကွက်နှင့် ကျေးရွာများတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အဆိုပါ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး(Pilot Project )လုပ်ငန်းကို ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ ပါဝင်သော (Working Group) ပူးပေါင်းအဖွဲ့ ၁၆၇ ဖွဲ့က သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် အရှိန်အဟုန်မြှင့် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရပြီး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရာတွင် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်စေရန်အတွက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက လိုအပ်သည်များကို ကြီးကြပ် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု (၅၆)အုပ်စု၊ ကျေးရွာပေါင်း ၂၀၅ ရွာရှိပြီး တစ်မြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရမည့် အိမ်ထောင်စုပေါင်း ၆၂၉၇၇ စု ရှိကြောင်း သိရကာ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး( Pilot Project )လုပ်ငန်းကို ဇန်နဝါရီ ၉ ရက်နေ့မှ ၃၁ ရက်နေ့အထိ နေ့စဉ် ကွင်းဆင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပွင့်ဖြူမြို့နယ်လဝကဦးစီးမှူး ဦးညွန့်ဝင်းထူးက ပြောပြသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)