လှိုင်းဘွဲမြို့နယ်ထီလုံကျေးရွာ စစ်မှုထမ်းဟောင်း သမဝါယမအသင်းသားများ စုပေါင်းမွေးမြူထားသည့် ဝက်မွေးမြူရေးခြံအား ပြည်နယ်မွေးမြူရေးအသင်းစုဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

လှိုင်းဘွဲ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ထီလုံကျေးရွာ စစ်မှုထမ်း‌ဟောင်းအိမ်ယာဝင်း၌ နိုင်ငံစီးပွားမြှင့်တင်ရေး အရင်းမပျောက် မတည်ရန်ပုံငွေ ရယူထားရှိသည့် ရွာသာအေး မွေးမြူကုန်ထုတ်သမဝါယမအသင်း လီမိတက်မှ စစ်မှုထမ်းဟောင်း သမဝါယမအသင်းသားများ စုပေါင်းမွေးမြူထားသည့် ဝက်မွေးမြူရေးခြံသို့ ပြည်နယ်မွေးမြူရေးအသင်းစုဥက္ကဋ္ဌ ဦးလှဝင်းနှင့် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးလင်းခိုင်တို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုညှိနှိုင်းအားပေးခဲ့ကြကြောင်း သိရသည်။

ထီလုံကျေးရွာ စစ်မှုထမ်းဟောင်းသမဝါယမအသင်း၏ ဝက်မွေးမြူရေးခြံတာဝန်ခံ တပ်ကြပ်ရဲမြင့်(ငြိမ်း)က မွေးမြူရေးဝက် စုစုပေါင်း(၄၅)ကောင် မွေးမြူထားရှိမှု အခြေအနေကို ရှင်းလင်းတင်ပြရာတွင် ဝက်ခြံ၌ သုံးလသားအရွယ် တစ်ကောင်လျှင် ပိဿာချိန်(၅၀)ခန့်ရှိ ဝက်(၁၉) ကောင်၊  နှစ်လသားအရွယ် တစ်ကောင်လျှင် ပိဿာချိန်(၃၀)ခန့်ရှိ ဝက်(၁၅)ကောင်၊ တစ်လခွဲသားအရွယ် တစ်ကောင်လျှင် ပိဿာချိန်(၂၀)ခန့်ရှိ ဝက်(၁၁)ကောင်နှင့် သားဖောက်ဝက်သိုး(၁)ကောင်ကို မွေးမြူထားရှိပါကြောင်း၊  မိမိတို့ မွေးမြူရမည့် ဝက်(၂၈) ကောင်ထက် (၁၇) ကောင်ကို ပိုမိုထားရှိမွေးမြူခဲ့ကာ အသားထုတ်လုပ်ခြင်းလုပ်ငန်းအပြင် သားပေါက်မွေးမြူခြင်းလုပ်ငန်းကိုပါ ပူးတွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် မြို့နယ်အတွင်း၌ ရှိသော  ရွာသာအေး မွေးမြူရေးဇုံမှ ဝက်မွေးမြူရေး သမားများအနေဖြင့် ဝက်သားပေါက် အလွယ်တကူဝယ်ယူ ရရှိနိုင်ရေးအတွက် ရည်ရွယ်ပါကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

ဆက်လက်၍ အောင်မြင်အကျိုးရှိသည့် ဝက်မွေးမြူရေးလုပ်ငန်း ဖြစ်စေရန်အတွက် အသားတိုးဝက်များ မွေးမြူသည့်အပြင် သားဖောက်ဝက်ငယ်များကို အချိန်ပိုင်းလွတ်ကျောင်းစနစ်ဖြင့် မွေးမြူသင့်သည့် အ‌ခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ဝက်စာကုန်ကြမ်း စပါးများကြိတ်ခွဲနေမှုနှင့် ဝက်စာရောစပ်နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

လင်းသန့်(ပြန်.ဆက်)