သဲကုန်း ဇန်နဝါရီ ၁၇
သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက (အ.မ.က)မကျီးစင်ကျောင်းတွင် ယနေ့နံနက်ပိုင်းကစာဖတ်ရှိန်မြင့်မားရေးလှုပ်ရှားမှုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက စာဖတ်ရှိန်မြင့်တင်ရေးအတွက် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအားရှင်းလင်းဟောပြောခြင်း၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောခြင်းတို့ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာဖတ်ဝိုင်းများပြုလုပ်ပေးခဲ့သည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို ကလေးစာဖတ်ခန်း ဝန်ဆောင်မှုအဖြစ် ဒုတိယဦးစီးမှူးဒေါ်ပြည့်ဖြိုးသူက ပုံပြင်ပြောခြင်းနှင့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ် နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ မသန်စွမ်းသူများအခွင့်အရေး အသိပညာပေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောခြင်းစသည့် အသိပညာပေးလုပ်ငန်းများကို Mobile Library သုံးဘီးယာဉ်ဖြင့်ကွင်းဆင်း၍ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)