အခြေခံပညာကျောင်းအခြေပြု ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား

သာပေါင်း ဇန်နဝါရီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (သာပေါင်း) ၊ သော်ကဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲတွင် မြို့နယ်တပ်ဖွဲ့မှူး  ဦးသက်ညီညီမင်းမှ သင်တန်းဖွင့်လှစ်ရသောရည်ရွယ်ချက်များ၊ သင်ကြားမည့်ဘာသာရပ်များနှင့် သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ သင်တန်းနည်းပြဆရာ၊ ဆရာမများနှင့်မိတ်ဆက်ပေးကာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့ကြသည်။
ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၃) နှင့် (၂/၂၀၂၃) ကို တပြိုင်နက်တည်း ဖွင့်လှစ်ခြင်းဖြစ်ရာ သင်တန်းသို့သင်တန်းသား (၃၅) ဦး၊ သင်တန်းသူ (၄၈) ဦး ပေါင်း (၈၃) ဦးတက်ရောက်သင်ယူလျက်ရှိကြပြီး သင်တန်းဖွင့်လှစ်နေမှုနှင့် သင်ခန်းစာသင်ကြားမှု အခြေအနေများကို မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ  ဦးကိုနိုင်မှလာရောက်ကြည့် ရှုအားပေးပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းကို ကျောင်းတွင်းမတော်တဆ ထိခိုက်မှုများကို ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ကူညီစောင့်ရှောက်ပေးနိုင်ရန်ရည်ရွယ်၍ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)