မကွေး ဇန်နဝါရီ ၁၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ အဆိုပြုအဖွဲ့ဝင်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားရာတွင် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအနေဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများအား အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၂ခုနှစ် မတ်လ ၂၅ ရက်နေ့နှင့် ဇွန်လ ၂၄ ရက်နေ့တို့တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတို့ကို ကျင်းပခဲ့ပြီး ဆွေးနွေးမှုများအရ လုပ်ငန်းဆုံးဖြတ်ချက်များချမှတ်ကာ လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ တတိယအပတ် (နေပြည်တော်)တွင် ကျင်းပမည်ဖြစ်ကာ တိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများအပေါ် ဆွေးနွေးညှိနှိုင်းရန် တတိယအကြိမ် တိုင်းဒေသကြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင် စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီအနေဖြင့် ကော်မတီ၏ဆုံးဖြတ်ချက်များအပေါ် အောင်မြင်တိုးတက်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုအပ်သည့်အပြင် မိမိတို့တိုင်းဒေသကြီးအနေဖြင့် ရေနံထွက်ပစ္စည်း ထွက်ရှိသည့်တိုင်းဒေသကြီးဖြစ်သည့်အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှုကော်မတီတွင် အဖွဲ့ဝင်များအဖြစ် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနတို့ကို ထည့်သွင်းဖွဲ့စည်းနိုင်ရေးအတွပ် ဆုံးဖြတ်တင်ပြခဲ့ပြီး မိမိတို့တိုင်းဒေသကြီး အလိုက် ကော်မတီဝင်များအား အဖွဲ့ဝင်တိုးချဲ့ဖွဲ့စည်းရေးအတွက် နေပြည်တော်တွင်ကျင်းပမည့် တတိယအကြိမ်မြောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ထပ်မံထည့်သွင်းတင်ပြသွားမည်ဖြစ်ပါကြောင်းနှင့် မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ဆိုင်ရာကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးကြီးကြပ်မှုကော်မတီ၏ ဆုံးဖြတ်ချက်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ကြီးကြပ်မှုကော်မတီ၏ ဆောင်ရွက်တိုးတက်မှုများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် နေပြည်တော်တွင်ကျင်းပမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီတွင် တင်ပြရန်အချက်များအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များမှ မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုများနှင့် နေပြည်တော်တွင် ကျင်းပမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီတွင် ဌာနအလိုက် ဖြည့်စွက်တင်ပြစေလိုသည်အချက်များအား ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကိုစည်သူ(မကွေး)