ဘားအံ ဇန်နဝါရီ ၁၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေးသင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) လက်တွေ့ဆောင်(၂)၌ ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)တွင် ယခုနှစ်မှစတင်၍ မွေးမြူရေးဒီပလိုမာသင်တန်းကိုပါ ပူးတွဲဖွင့်လှစ်နိုင်ခဲ့ပြီး နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင်လိုအပ်သော အလယ်အလတ်အဆင့် စိုက်ပျိုးမွေးမြူရေးပညာရှင်များကို မွေးထုတ်ပေးနိုင်တော့မည်ဖြစ်သည့်အတွက် မောင်မယ်သစ်လွင်များအား လှိုက်လှိုက်လှဲလှဲဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ သင်ကြားပေးမည့် စိုက်ပျိုးရေး၊ မွေးမြူရေးပညာများကို ကြိုးကြိုးစားစားလေ့လာသင်ယူပြီး မိမိဒေသအတွက်သော်လည်းကောင်း၊ ပြည်နယ်အတွက်သော်လည်းကောင်း၊ နိုင်ငံတော်အတွက်သော်လည်းကောင်း အားကိုးအားထားရသော စိုက်ပျိုးရေးနှင့်မွေးမြူရေး ပညာရှင်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်) ကျောင်းအုပ်ကြီး ဒေါ်ခင်သီတာကျော်၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ဒုတိယနှစ်ကျောင်းသား မောင်မင်းခန့်ဟိန်းတို့က မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က မောင်မယ်သစ်လွင် ၈၆ ဦးအတွက် ငွေကျပ် ၁၇ သိန်း ၂ သောင်းကို ကျောင်းအုပ်ဆရာမကြီးထံ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် မောင်မယ်သစ်လွင်များကိုယ်စား ပထမနှစ်ကျောင်းသား မောင်နေထက်ရှိုင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(၂၀၂၂ခုနှစ်) ဒုတိယနှစ်(ပထမနှစ်ဝက်)စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်(၂၀၂၂ခုနှစ်) ပထမနှစ်(ဒုတိယနှစ်ဝက်)စာမေးပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများကို ပညာရည်ချွန်ဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့၍ ဆုံအားပေးစကားများပြောကြားခဲ့သည်။
စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ကို ၂၀၁၄ ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပြီး စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ မောင်မယ် ၂၉၅ ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ကာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မောင်မယ်သစ်လွင် ၈၆ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ ၁၅၅ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၌ နန်းအေးရိပ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော (၁၇၃ပေ x ၃၂ပေ x ၂၂ပေခွဲ) RC နှစ်ထပ် ကျောင်းသား၊ ကျောင်းသူအိပ်ဆောင် ၇၃ ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှု၊ တော်ဝင်ကရင်ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော ( ၁၇၀ပေ x ၃၆ပေ x ၂၂ပေခွဲ) RC နှစ်ထပ်စာသင်ဆောင် ၅၇ ရာခိုင်နှုန်းကျော် တည်ဆောက်ပြီးစီးမှု၊ ကျော်သံလွင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော (၁၅၀ပေ x ၁၀၀ပေ x ၆ပေ) ငါးကန်တူးဖော်ခြင်း ၁၀၀ ရာခိုင်နှုန်းပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အထက(ဒုံရင်း)ကျောင်းနှင့်တွဲဖက်၍ စိုက်ပျိုးရေးနှင့်မွေးမြူရေး အထက်တန်းကျောင်းဆောင်ရွက်နိုင်ရေး လင်းသူအောင်တည်ဆောက်ရေးကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသော ( ၉၆ ပေ x ၁၁၈ ပေ ) RC တစ်ထပ်ကျောင်းဆောင်တည်ဆောက်ရေးလုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း