တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇန်နဝါရီ ၁၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲနှင့် တနင်္သာရီတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်း အခြေခံသင်တန်း (၁/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယနေ့သည် ကြက်ခြေနီ၏ ကျောရိုးမဏ္ဍိုင်ဖြစ်သော ရှေးဦးပြုစုခြင်းပညာ သင်တန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သောကြောင့် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်းတန်ဖိုးသည် မတော်တဆ ထိခိုက်မှုဖြစ်စေ၊ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် အသက်အန္တရာယ် ထိခိုက်သော လူနာများကို ဆေးကုသမှုလုံလောက်စွာ မရခင်အကြားတွင် လူနာ အား ဆေးရုံသို့ အတတ်နိုင်ဆုံး သက်သက်သာသာနှင့် ရောက်ရှိအောင် ဆောင်ရွက်ပေးရကြောင်း၊ အထူးသဖြင့် ထိခိုက်ဒဏ်ရာရလူနာများအား ဆေးရုံသို့ သယ်ဆောင်ရာတွင် အသက်အန္တရာယ်၊ ဆုံးရှုံးမှုအန္တရာယ် ကာကွယ်ပေးပြီး အကောင်းဆုံးလိုအပ်သော ရှေးဦးပြုစုနည်းများကိုလည်း ဆောင်ရွက်ပေးရကြောင်း၊ ရှေးဦးပြုစုခြင်းသင်တန်းသည် အလွန်တန်ဖိုးရှိပြီး သင်ကြားဖွင့်လှစ် ပေးသော ပါမောက္ခချုပ်နှင့် ဆရာ/မများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့များအား ကျေးဇူးတင်ရှိ ကြောင်း၊ တတ်ရောက်သင်ကြားခဲ့ကြသော ကျောင်းသား /သူများအနေဖြင့် နောင်အနာဂတ်တွင် မိမိပတ်ဝန်းကျင်၊ မိမိရပ်ရွာ၊ မိမိဒေသနှင့် နိုင်ငံတော်ကို အထောက်အပံ့ကောင်းကျိုးပြုနိုင်သော နိုင်ငံ့သားကောင်းရတနာ၊ သမီးကောင်း ရတနာများဖြစ်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ထားဝယ်တက္ကသိုလ် ကြက်ခြေနီအသင်းခွဲအတွက် အလှူငွေကျပ် သိန်း(၂၀)နှင့် ထောက်ပံ့ပစ္စည်းအားလည်းကောင်း၊ စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် အလှူငွေကျပ် (၁၁ သိန်း ၅ သောင်း) အားလည်းကောင်း ပေးအပ်ပြီးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက (ပထမ၊ ဒုတိယ ၊ တတိယ) ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက (စတုတ္ထ၊ ပဥ္စမ)ဆုရရှိသူ များအား ဆုများ ပေးအပ်ချီးမြှင့်ပြီး တာဝန်ရှိသူများက ကြက်ခြေတပ်ဖွဲ့အား  ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ကာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးက  ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရသည်။

ခရိုင်(ပြန်/ဆက်)