မင်းဘူး ဇန်နဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်းမြောက် အသံမစဲမဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ဖွင့်ပွဲအခမ်းအနား မုဒ်ဦးအား မင်းဘူးမြို့ ရွှေတွင်းကျောင်းတိုက် ပဓာနနာယက မြို့နယ်ဩဝါဒါစရိယ ဆရာတော် ဘဒ္ဒန္တသာသန နှင့်အတူ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးလေတပ်စခန်းဌာနချုပ် ဗိုလ်မှူးချုပ် ဝင်းမောင်သိန်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကိုတို့က တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ကြသည်။
ထို့နောက် ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်းမြောက် အသံမစဲမဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘုရားရင်ပြင်တော်ရှိ ဓမ္မာရုံ၌ ဆက်လက်ကျင်းပရာ ဆရာတော် အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မင်းဘူးမြို့ မဟာဝိသုတာ ရာမတိုက်သစ် ပဓာနနာယက နိုင်ငံတော် ဗဟိုသံဃဝန်ဆောင် ဆရာတော် ဘဒ္ဒန္တဉာဏိကထံမှ ငါးပါးသီးလခံယူဆောက်တည်ကာ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဇနီး ဒေါ်ဝင်းဝင်းမြင့်နှင့် တာဝန်ရှိသူများက ဆရာတော်အရှင်သူ မြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် အလှည့်ကျ ဘာဏက ဆရာတော်များမှ အနန္တယ သမန္တ မဟာပဌာန်း ကျမ်းမြတ်တော်ကြီးကို ဆက်လက်ရွတ်ဖတ်ပူဇော် ခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မင်းဘူးမြို့ အမှတ်(၁) ရပ်ကွက်ရှိ ရှင်ပင်စက္ကိန်းတဲဘုရားဝန်း သလွန်ချစေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်သည့် ဘော်လီ ဘော၊ ပိုက်ကျော်ခြင်း၊ ထုတ်စည်းထိုး၊ ချောတိုင်တက် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပနေမှုအား ကြည့်ရှုအားပေးခဲ့သည်။
မင်းဘူးမြို့ ရှင်ပင်စက္ကိန်းတဲစေတီတော်မြတ်ကြီး၏ (၄၆)ကြိမ်းမြောက် အသံမစဲ မဟာပဌာန်း ကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကြီးတို့ ကျင်းပပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ ၁၃ ရက်မှ ၁၄ နေ့အထိ ဘုရားပွဲအကြို ဓမ္မပူဇာသဘင် ညတရားပွဲများကိုလည်းကောင်း၊ ၁၆ ရက်မှ ၂၀ နေ့အထိ မဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုလည်းကောင်း၊ ၂၀ ရက်နေ့တွင် ဘုရားအမှူး ပြုသော ဆရာတော်အရှင်သူမြတ် (၃၇)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကိုလည်းကောင်း၊ ၁၆ ရက် မှ ၂၂ ရက်နေ့အထိ အားကစားပြိုင်ပွဲများကိုလည်းကောင်း၊ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ နေ့စဉ် (ည ၆ နာရီခွဲမှ ၁၁ နာရီအချိန်အထိ) တေးဂီတဖျော်ဖြေပွဲများ၊ အငြိမ့်ဖျော်ဖြေပွဲများ၊ ကလေးကစား ကွင်းများ၊ ပွဲဈေးတန်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)