ဟင်္သာတ မြို့နယ်တွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၃) ဖွင့်လှစ်

ဟင်္သာတ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်ရှိ သဘာဝဘေးစီမံခန့်ခွဲမှု သင်တန်းကျောင်း သင်တန်းခန်းမတွင် ယနေ့ နံနက် ၉ နာရီက ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် “သဘာဝဘေးများကြုံတွေ့လာပါက ထိခိုက်ဆုံးရှုံးမှုတွေ လျော့နည်း သက်သာစေဖို့အတွက် ကောင်းမွန်သော အစီအမံတွေ ရေးဆွဲဆောင်ရွက်ဖို့ လိုသလို ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး၊ ဘေးအန္တရာယ်ကျရောက်လာပါက အရေးပေါ်အခြေအနေအတွက်အသင့် ပြင်ဆင်ထားရှိရေး၊ အရေးပေါ်အခြေအနေ   တုန့်ပြန်ဆောင်ရွက်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့ကို ဆောင်ရွက်ရမည်ဖြစ်သဖြင့် ပါဝင်ဆောင်ရွက်သူများ၏ စွမ်းဆောင်ရည်များ ပိုမိုပြည့်ဝကောင်းမွန်လာစေရန် ရည်ရွယ်၍ ယခုသင်တန်းများကို ဖွင့်လှစ်ပို့ချပေးရခြင်းဖြစ်ကြောင်း သင်တန်းသားများအနေဖြင့် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ အသိပညာပေးဟောပြောပွဲများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မိမိတို့ဒေသရှိ သဘာဝများနှင့်လျော်ညီစွာ ပြန်လည်အကျိုးရှိစွာ အသုံးချသွားကြရန်စသည့်ဖြင့် အကျယ်တဝံ့ ပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်ခဲ့သော သင်တန်းသို့  အနယ်နယ်အရပ်ရပ်မှ သင်တန်းသားသင်တန်းသူ ၄၀ ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီ ၁၆ ရက်မှ ၂၃ ရက်နေ့ထိ ဖွင့်လှစ် သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုဇော် (ဟင်္သာတ)