အမာမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

အမာ ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာပေကို မြတ်နိုးတန်ဖိုးထားသူများ တိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၁၁) နာရီ အချိန်ကစာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးနော်လေးလီယန်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွက်ချက်ကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမကြူကြူသင်း ရေးသားသည့် “ဤမှန်သော သစ္စာစကားကြောင့်”  စာအုပ်မှ ယဉ်ကျေးခြင်းအနုပညာ အကြောင်းကို ဦးဆောင်ဖတ်ကြား ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းတက်ရောက်လာကြသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များကလည်း မိမိတို့စိတ်ကြိုက်ဗဟုသုတရစေမည့် ဆောင်းပါးများကို ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်းသိရသည်။

ယခုကဲ့သို့ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများ ၊ ကလေးများ  ဉာဏ်ရည်ထက်မြတ်ပြီး စုပေါင်းစွမ်းရည်များ တိုးတက်မြင့်မားလာစေရန် စာအုပ်များငှားပေးခြင်းနှင့် အားကစားပြိုင်ပွဲများကိုလည်း ပြုလုပ်ပေးလျက် ရှိကြောင်းသိရသည်။

အမာ (ပြန်/ဆက်)