တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

တောင်ငူ      ဇန်နဝါရီ    ၁၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ တောင်ငူပညာရေးဒီဂရီကောလိပ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပထမနှစ်(ပထမနှစ်ဝက်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက  မြတ်ပညာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ငူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးဒေါ်စန်းစန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် လူ့အဖွဲ့အစည်းကို စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေလိုလျှင် ဆရာများ၏ စွမ်းအားကိုမြှင့်တင်ပေးရန်လိုအပ်ကြောင်း၊ မည်သည့်ခေတ်တွင်မဆို ဆရာများ၏အခန်းကဏ္ဍသည် မရှိမဖြစ်အရေးပါကြောင်း၊ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေးပေါ်မူတည်နေသဖြင့် နိုင်ငံ၏ပညာရေး အယူအဆ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များသည် ခေတ်စနစ်အလိုက် ပြောင်းလဲနေပါစေ၊ မည်သည့်အခြေအနေတွင်မဆို၊ အဓိကသော့ချက်သည် ဆရာ၊ ဆရာမများဖြစ်သဖြင့် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်သည် ဆရာ့လက်ထဲတွင် ရှိနေသောကြောင့် ဆရာ၊ ဆရာမလုပ်မည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဆရာ့စွမ်းရည်ပြည့်ဝအောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပညာရေးဘွဲ့ ပထမနှစ်(ပထမနှစ်ဝက်) သင်တန်းသား(၁၀)ဦးနှင့် သင်တန်းသူ(၁၀)ဦးတို့က မောင်နှင့်မယ်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်များအား မဲစနစ်ဖြင့်ရွေးချယ်နေစဉ် ပညာရေးဘွဲ့ဒုတိယနှစ်(ပထမနှစ်ဝက်)သင်တန်းသား၊ သင်တန်းသူများက “နပန်းဆံ" သီချင်း၊ ပဲခူးတိုင်းဒေသကြီးအကဖွဲ့သင်တန်းသူများက “ပဲခူးဟုခေါ်သည်”သီချင်း၊ “အအက္ခရာအောင်ပါစေသီချင်း”နှင့် ပညာရေးဘွဲ့ပထမနှစ်(ဒုတိယနှစ်ဝက်) ကျောင်းသား၊ ကျောင်းသူများက "လောကအားမာန်"သီချင်းတို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ သစ်လွင်မောင်အဖြစ် တန်းခွဲ(A)မှ မောင်နေလင်းထက်ပိုင်နှင့် သစ်လွင်မယ်အဖြစ် တန်းခွဲ(B)မှ မယုဝတီလင်းတို့အား တောင်ငူပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ဆရာမကြီးက စလွယ်နှင့် သရဖူပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့်

အဆိုပါ ပညာရေးဒီဂရီကောလိပ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်  သင်တန်းသား၊ သင်တန်းသူဦးရေ ၆၈၅ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး မောင်မယ်သစ်လွင် ပထမနှစ်(ပထမနှစ်ဝက်)ဦးရေ ၂၃၆ ဦး ရှိကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)