ပုသိမ်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ‌ဟောပြောပွဲ ကျင်းပ

ပုသိမ် ဇန်နဝါရီ ၁၆

တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများဟောပြောပွဲအား ယမန်နေ့ နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ပုသိမ် တက္ကသိုလ်ပါမောက္ခချုပ်နှင့်ပါမောက္ခများ၊ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ၅၂.၁၆%ဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ဒုတိယအောင်ချက်အ‌ကာင်းဆုံး ရရှိခဲ့ပါကြောင်း၊ ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်ရာခိုင်နှုန်း ပိုမိုတိုးတက်လာအောင် နှစ်စမှစပြီး ကြပ်မတ် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆို ကြမည့် ကျောင်းတွင်းနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများသည် စာသင်ကြားပေးသည့် နေရာတစ်ခုခုတွင် တက်ရောက် သင်ယူနေမှသာ အောင်မြင်စွာဖြေဆိုနိုင်မည်ဖြစ်ပြီးဆရာ၊ ဆရာမများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ကျောင်းသား မိဘများက ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် အလေးထားပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မိဘများကလည်းမိမိတို့၏သား၊ သမီးများ၏ရှေ့ရေးအတွက် အင်တိုက်အားတိုက် ပံ့ပိုးပေးကြစေလိုကြောင်း၊ အောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကိုယ်တိုင်အောင်စိတ်မွေး၍ အောင်မြင်အောင်ဖြေဆိုနိုင်စေရေး ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ ဆွေးနွေးပွဲရလဒ်များအား ဆရာ၊ ဆရာများအနေဖြင့် သေချာမှတ်သား၍ မရှင်းလင်းသည်များ၊ မသဲကွဲသည်များကို အပြန်အလှန်သေချာစွာ ဆွေးနွေးမေးမြန်းပြီး မိမိတို့၏တပည့်များအား နားလည်အောင်ဆင့်ပွား ပို့ချပေးရန်ဖြစ်ပါကြောင်း၊  ဆွေးနွေးပွဲ့သို့ တက်ရောက်လာကြသည့် ဆရာ၊ ဆရာမများနှင့် ဆွေးနွေးပို့ချပေးသည့် ဆရာကြီး၊ ဆရာမကြီးများအား ကျေးဇူးအထူးတင်ပါကြောင်းနှင့် ‌တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ ရာနှုန်းပြည့်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းပေးစေလိုပါကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်း စရာများဟောပြောပွဲအတွက်ပုသိမ်တက္ကသိုလ် ပါမောက္ခချုပ်ထံသို့ ဂုဏ်ပြုထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ယင်းနောက် ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် မြင့်မာ့ရေး ဘာသာရပ်ဆိုင်ရာ သိကောင်းစရာများ ဟောပြောပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့၊ မြန်မာစာဘာသာရပ်တွင် ဆရာ၊ ဆရာမ (၄၃၃) ဦး၊ အင်္ဂလိပ်စာဘာသာရပ်တွင်ဆရာ၊ ဆရာမ (၄၈၈) ဦး၊ သင်္ချာဘာသာရပ်တွင် ဆရာ၊ဆရာမ (၄၈၈)ဦး၊ဓာတုဗေဒဘာသာရပ်တွင် ဆရာ၊ ဆရာမ(၂၂၀)ဦး၊ ရူပဗေဒဘာသာရပ်တွင်ဆရာ၊ ဆရာမ (၂၁၇) ဦး၊ ဇီဝဗေဒဘာသာရပ်တွင်ဆရာ၊ ဆရာမ (၈၉) ဦး၊ ပထဝီဝင်ဘာသာရပ်တွင် ဆရာ၊ဆရာမ (၃၆၂) ဦး၊ သမိုင်းဘာသာရပ်တွင် (၃၆၉) ဦး၊ စီးပွားရေးဘာသာရပ်တွင် ဆရာ (၃၅၆) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)