ဘောဂလိ ဇန်နဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင် ကျောင်းသား/သူများကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်းမရှိသည့် ဒေသနေပြည်သူများနှင့် ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က သပြေညွန့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၅)နှစ်မှ (၁၂)အထိကျောင်းသား/သူများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေးအပိုဆောင်း ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးစောဘိုဘိုကျော်၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျေးရွာအုပ်စုတာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများက အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား/သူစုစုပေါင်း (၃၀၀)ဦးအား အပိုဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ (၁၅)မိနစ်ခန့်အနားယူစေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
ဘောဂလိမြို့တွင် မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၁၇)အုပ်စုရှိရာ ဒေသနေပြည်သူများ၊ကျောင်းသား/သူများ ၊ဦးတည်အုပ်စုအလိုက် ကာကွယ်ဆေးထိုးရန်အကျုံးဝင်သူများအား ရာနှုန်းပြည့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မူးလားလာ(ပြန်/ဆက်)