ဖားဆောင်း ဇန်နဝါရီ ၁၆
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မူလွန်နန်းဟူးကုန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကာယ၊ ဉာဏထူးချွန်ဆုများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပခဲ့သည်။
အခမ်းအနားကို မူလွန်နန်းဟူးကုန်းမှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး တာဝန်ခံ ကျောင်းအုပ်ဆရာမ ဒေါ်ချောချောထွေးမှ မိဘ/ဆရာကျောင်းသားများ စုပေါင်းညီညွတ်စွာ ကြိုးစားဆောင်ရွက်လိုစိတ်များကို မြှင့်တင်ပေးခြင်းဖြင့် ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်ရန်ရည်ရွယ်၍ ယခုလိုစုံညီပွဲတော်ကို ကျင်းပပြုလုပ် ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၁-၂၀၂၂ နှစ် ပညာသင်နှစ်တွင် (A)အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ စာစီစာကုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် တာဝန်ရှိသူများက ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိန်ထွေးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ပြီး မူလွန်နန်းဟူးကုန်းမှ ကျောင်းသား၊ ကျောင်းသူ အကအဖွဲ့များက အကအလှယိမ်းပဒေသာများဖြင့် ဧည့်ခံဖျော်ခဲ့ကြကြောင်းနှင့် မြတ်ဆရာသီချင်းဖြင့် အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
နန်းသဲနုအောင်(ဖားဆောင်း)