နတ်တလင်း ဇန်နဝါရီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီက အ.မ.က(မူလွန်) ကံကလေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစီးအရာရှိဒေါ်လဲ့ဝါမြင့်က မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ ခေါင်းစဉ်၊ မူးယစ်ဆေးဝါး၏ဥပဒေများ၊ ဆေးလိပ်/ကွမ်းယာများ၏ အန္တရာယ်ခေါင်းစဉ်များဖြင့် ဟောပြောခဲ့ကာ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်အေးအေးဆွေမှ စားသုံးသူကာကွယ်ပေးရေး ဥပဒေများ၊ ကုန်အညွှန်းအမှတ်အသားနှင့် ပက်သက်သည့် အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအသိပညာပေး နံရံကပ်စာစောင်၊ အဆိပ်ပန်းအသိပညာပေး နံရံကပ်စာစောင်၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ ဆက်)