ဗန်းမောက်မြို့၌ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများတွင် ပိုးမွှားကင်းထောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပေး

ဗန်းမောက် စက်တင်ဘာ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စက်တောနည်းပညာပေးစင်တာ နယ်မြေအတွင်းရှိ (CERP) အစီအစဉ်ဖြင့် စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွင်း (Yellow Trap) အသုံးပြု၍ ပိုးမွှားကင်းထောက်ခြင်းလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက တောင်သူ ဦးစောအောင်၏ မိုးစပါးဆင်းဧကရီး-၃ (Rc-cs) မျိုးစေ့ထုတ် (၄)ဧကအား ဗန်းမောက်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးဟန်စိုးနှင့် စက်တောနည်းပညာပေးစင်တာရှိ စိုက်ပညာရှင်ဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဗန်းမောက်မြို့နယ်အတွင်း မိုးစပါးမျိုးကောင်းမျိုးသန့် ထုတ်လုပ်သုံးစွဲနိုင်ရေးအတွက် မိုးစပါး မျိုးစေ့ထုတ် စိုက်ကွက်များကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ မျိုးစေ့ထုတ်တောင်သူများ အား နိုင်ငံတော်မှ (CERP) အစီအစဉ်အရ မျိုးစေ့ဘိုး၊ စိုက်စရိတ်နှင့်အပင်ပြုစုစရိတ်အဖြစ် ပထမ အကြိမ်ထောက်ပံ့ကြေးကို သြဂုတ်လ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ဒုတိယအကြိမ် ထောက်ပံ့ ကြေးကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် လည်းကောင်း ထောက်ပံ့ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ကွက် ဧက(၃၅၀) အားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး၊ မျိုးစေ့ထုတ် စိုက်ကွက်များအတွင်း မျိုးကွဲများ/ပေါင်းမြက်များ ပါဝင်မှုမရှိစေရေး၊ ပင်ပွားစုံချိန်၌ (Field Inspection) ဆင်းခြင်းလုပ်ငန်းများ၊ ပိုးမွှားများကျ‌ရောက်မှုမရှိစေရေးနှင့် ပိုးမွှားများ ကျရောက်မှု အခြေအနေများအား အပတ်စဉ် ပုံမှန်ကင်းထောက်နိုင်ရေးအတွက် (Yellow Trap - Yellow Sticker) အဝါရောင် ထောင်ချောက်များကို စိုက်ထူးဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဟန်စိုးက ပြောပြခဲ့သည်။

ဗန်းမာက်မြို့နယ်အတွင်း နည်းပညာပေးစင်တာများရှိ မျိုးစေ့ထုတ်တောင်သူများနှင့် ဒေသခံ တောင်သူများ၏ စပါးစိုက်ခင်းများ၌ ပိုးမွှားများကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် အသိ ပညာပေး လုပ်ငန်းများကိုလည်း ကွင်းဝန်ထမ်းများက ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ကျော်စွာ(ဗန်းမောက်)