ဟင်္သာတ စက်တင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း အငြိမ်းစားဝန်ထမ်းများကို ပင်စင်လစာထုတ်ပေးရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ထုတ်ပေးလျက်ရှိရာ ယနေ့အချိန်ထိ တိုက်နယ် ၈ ခုကို ထုတ်ပေးပြီးစီးခဲ့ကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် စနစ်တကျရှိစေရန် ဘဏ်၏ရှေ့မျက်နှာစာတွင် ပင်စင်ထုတ်ယူသူများအတွက် နားနေရန်နှင့် အငြိမ်းစားလစာ ထုတ်ပေး နိုင်ရန်အတွက် သီးသန့်ဆောင်ဆောက် လုပ်ပြီး လာရောက်သူများကို လက်ဆေး ဘေစင်တွင်လက် ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာစစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask တပ်ဆင်လာခြင်းမရှိသူများကို အခမဲ့ပေးဝေ တပ်ဆင်စေခြင်းတို့ကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများနှင့် ဘဏ်ဝန်ထမ်းများ က ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ပေးသည်။
ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် စက်တင်ဘာ ၂၁ ရက် နေ့မှ ၂၉ ရက် နေ့အထိ နေ့စဉ်နံနက် ၇ နာရီ ၃၀ မှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိပြီး ထုတ်ပေးရန် ကျန်ရှိသည့် တိုက်နယ်(၃)ခုနှင့် မြို့ပေါ်ရပ်ကွက် (၂၁)ရပ်ကွက်တို့မှ အငြိမ်းစားများ၏ ပင်စင်လစာများကို သတ်မှတ်ရက်အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လမ်းညွှန်ချက် များနှင့် ဆက်လက်ထုတ်ပေး သွားမည်ဖြစ်ကြောင်း ဟင်္သာတခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ဒေါ်ခင်ဖြူဖြူကျော် ထံက သိရသည်။
ထို့ပြငသတ်မှတ်ရက်များတွင် လာရောက်ထုတ်ယူခြင်းမရှိသော အငြိမ်းစားပင်စင်လစာများကို အောက်တိုဘာ လဆန်းတွင် ဘဏ်လုပ်ငန်း ချိန်အတွင်း၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)